MNL ပြိုင်ပွဲတွင် အသင်းကြီးအများစု အနိုင်ရပြီး လက်ရှိချန်ပီယံရန်ကုန် အိမ်ကွင်း၌ ရှုံးနိမ့်

ရန်ကုန် ၃၀ မတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ပထမနေ့ကို ယနေ့ညနေပိုင်းက ပြန်လည်ကျင်းပရာ ဧရာဝတီ၊ ရှမ်းယူနိုက်တက်၊ ရတနာပုံနှင့် ဟံသာဝတီအသင်းတို့ အနိုင်ရခဲ့သည်။


YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရန်ကုန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းသည် ယခုရာသီတွင် ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ပြီး ထိပ်ဆုံးနေရာမှ ဖယ်ပေးခဲ့ရသည်။ ရန်ကုန်အသင်းသည် ယခုပွဲတွင် ပုံစံကောင်း ပြသနိုင်ခြင်းမရှိဘဲ ကစားသမားများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အဆုံးသတ်အားနည်းခဲ့၍ နိုင်ပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းမှာမူ ရန်ကုန်အသင်းကို အဝေးကွင်းတွင် နှစ်ရာသီဆက်တိုက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ 


ရန်ကုန်အသင်းသည် ပွဲပယ်ခံထားရသည့် ကျော်ဇင်ထက်(ဂိုး)နှင့် မင်းကျော်ခန့်တို့မှလွဲ၍ လူစုံအသုံးပြုခဲ့ပြီး ဧရာဝတီအသင်းမှာမူ ဒဏ်ရာရကစားသမားအချို့ ရှိနေသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသလို ဧရာဝတီအသင်းကလည်း အဝေးကွင်း၌ ရလဒ်ကောင်းရန် ခပ်မာမာ တုံ့ပြန်ကစားခဲ့သည်။ ရန်ကုန်အသင်းသည် မိနစ် ၃၀ အတွင်း ဂိုးရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ ဧရာဝတီအသင်းသည် နိုင်ငံခြားသား တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ဆာဆက်နှင့် မာတူနာတို့၏ တိုးအားဖြင့် အဓိကထိုးဖောက်ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် ပယ်နယ်တီကန်ခွင့်ရခဲ့ကာ နောက်ခံလူ ဇော်လင်းက အနိုင်ဂိုးအဖြစ် သွင်းယူခဲ့သည်။ ရန်ကုန်အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် ကြိုးစားသော်လည်း အဓိကတိုက်စစ်မှူး ဆယ်လာ ခြေစွမ်းမပြနိုင်ဘဲ လူစားလဲခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ရန်ကုန်အသင်း တိုက်စစ်ကိုလည်း ဧရာဝတီနောက်တန်းက အမှားအယွင်းမရှိ ထိန်းချုပ်ကာ အနိုင်ရလဒ် ရယူခဲ့သည်။ 


ပဲခူးမြို့ရှိ Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက Chinland အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်း၏ ရှုံးပွဲကြုံတွေ့မှုကို ဟံသာဝတီအသင်းက အသုံးချခဲ့ပြီး ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးကို ၄၃ မိနစ်တွင် အောင်မျိုးသူရက သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းကို လေးဂိုးပြတ်  အနိုင်ရခဲ့သည်။ နည်းပြသစ် ဦးအောင်နိုင်၏ ပထမဆုံးပွဲတွင်  ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် တိုက်စစ်မှူး မေကွန်၊ ၃၁၊ ၇၁၊ ၈၇ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်တစ်ဂိုးမှာ ပွဲအစ ၇ မိနစ်တွင် ဂူစတာဗိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဒဂုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို ၃၆ မိနစ်တွင် ဝင်းနိုင်စိုးက သွင်းယူခဲ့သည်။


ဒုတိယနေ့ကို မတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် မကွေးအသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်