MNL ပြိုင်ပွဲတွင် အား/ကာသိပ္ပံနှင့် ဇွဲကပင် သရေကျ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ပထမနေ့ကို ယနေ့ညနေပိုင်းက မန္တလာသီရိကွင်း၌ ကျင်းပရာ အား/ကာသိပ္ပံအသင်းနှင့် ဇွဲကပင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ဇွဲကပင်အသင်းသည် အမှတ်ရရန် ကြိုးပမ်းခဲ့သော်လည်း ဦးဆောင်ဂိုး ကို မထိန်းထားနိုင်သောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ပွဲအစ ရှစ်မိနစ်အတွင်းမှာပင် တစ်ဂိုးစီ အပြန်အလှန် သွင်းယူနိုင်ခဲ့သော်လည်း လက်ကျန်မိနစ် ၈၀ ကျော်တွင် ဂိုးထပ်မံမသွင်းနိုင်သောကြောင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

 

အား/ကာသိပ္ပံအသင်းသည် ဇင်ရဲနောင်၊ ကျော်မျိုးနိုင်၊ ဇင်ညီညီအောင်၊ သန့်ဇင်မြင့်စသည့် အမာခံကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ဇွဲကပင်အသင်းမှာလည်း နိုင်ငံခြားသား ကစားသမားသုံးဦး အပါအဝင် အမာခံများကို ထည့်သွင်းအသုံးပြုခဲ့သည်။ ဇွဲကပင်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၅ မိနစ်တွင် ယာစင်၏ ပေးပို့မှုကို အီမာဆင်က ပိတ်သွင်းယူခဲ့သောကြောင့် ဦးဆောင်ဂိုးရခဲ့သည်။

 

ဇွဲကပင်အသင်းသည် ဦးဆောင်ဂိုးရသော်လည်း ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ၈ မိနစ်တွင် ချေပဂိုးပြန်ပေးခဲ့ရသည်။ အား/ကာသိပ္ပံအသင်းအတွက် ချေပဂိုးကို အောင်ဇေယျာဖြိုးက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ အပြန်အလှန်ရှိခဲ့သလို ဒုတိယပိုင်းတွင် အနိုင်ဂိုးရရန် နှစ်သင်းစလုံးကြိုးပမ်းသော်လည်း ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

 

ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၉ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဟံသာဝတီ အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရတနာပုံအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ညီမြတ်သော်တာ