MNL ပြိုင်ပွဲ ပွဲစဉ်(၉)တွင် ဧရာဝတီနှင့် ရန်ကုန် ထိပ်တိုက်တွေ့ဆုံ

ရန်ကုန် ၅ မတ်

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ကို ယခုတစ်ပတ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရှုံးပွဲမရှိသေးသည့် ဒုတိယနေရာမှ ရန်ကုန်အသင်းနှင့် တတိယနေရာမှ ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။


ပွဲစဉ် (၉) အဖြစ် မတ် ၆ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မတ် ၇ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် စစ်ကိုင်းအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် Southern အသင်း၊ မတ် ၈ ရက်တွင် ပဲခူးကွင်း၌ ဟံသာဝတီအသင်းနှင့် အားကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းသည် ယခုတစ်ပတ်တွင် တန်းတက်အားကာသိပ္ပံအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သောကြောင့် နိုင်ပွဲပြန်လည်ရယူနိုင်ဖွယ်ရှိပြီး ဧရာဝတီနှင့် ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုကို အသုံးချရမည်ဖြစ်သည်။ ယင်းပွဲတွင် သရေကျပါက ဟံသာဝတီအသင်းအတွက် အခွင့်အရေးကောင်းသွားမည်ဖြစ်ပြီး အနိုင်ရသည့်အသင်းမှာမူ ဟံသာဝတီအသင်းကို ဆက်လက် ဖိအားပေးနိုင်မည်ဖြစ်သည်။

 

ဧရာဝတီနှင့် ရန်ကုန်အသင်းသည် ရှုံးပွဲမရှိသေးသလို ရမှတ် ၂၀ စီဖြင့် ဇယားထိပ်ပိုင်း၌ အပြိုင်ဖြစ်နေသည့် အသင်းများဖြစ်သည်။ ဧရာဝတီအသင်းသည် ပြီးခဲ့သည့်တစ်ပတ်တွင် ဟံသာဝတီအသင်းကို အနိုင်ကစားခဲ့သလို ရန်ကုန်အသင်းကလည်း ရခိုင်အသင်းကို အဝေးကွင်း၌ အနိုင်ယူခဲ့သည်။ ရန်ကုန်အသင်းသည် ယခုပွဲအပြီးတွင် အင်္ဂါနေ့တွင် AFC Cup ပြိုင်ပွဲ အုပ်စုတတိယပွဲကစားရမည်ဖြစ်ပြီး ပွဲကျပ်များ ဆက်တိုက်ကစားနေရခြင်းဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ AFC Cup အဝေးကွင်းပွဲကစားရန်ရှိသောကြောင့် ယခုတစ်ပတ်တွင် အစောဆုံးကစားရမည်ဖြစ်ပြီး မကွေးအသင်းနှင့် ကစားရမည်ဖြစ်သည်။ 

 

ပွဲစဉ် (၈) အပြီးတွင် ဟံသာဝတီအသင်းက ၂၁ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ရမှတ် ၂၀ စီ၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၆ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ ရခိုင်အသင်းက ၁၂ မှတ်၊ ရတနာပုံနှင့် အား/ကာသိပ္ပံအသင်းက ခုနစ်မှတ်စီ၊ မကွေးအသင်းက ခြောက်မှတ်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းက လေးမှတ်စီ၊ ဇွဲကပင်အသင်းက သုံးမှတ်ရရှိထားသည်။

သတင်း - ညီမြတ်သော်တာ