MNL ပွဲစဉ် (၁၅) တွင် ရန်ကုန်နှင့် ရတနာပုံ ထိပ်တိုက်တွေ့ဆုံ

ရန်ကုန်  ၄  ဇူလိုင်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ကို ဇူလိုင် ၆၊ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အစဉ်အလာရှိသည့်ပြိုင်ဘက်များဖြစ်သော လက်ရှိချန်ပီယံ ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။


ပွဲစဉ် (၁၅)အဖြစ် ဇူလိုင် ၆ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံအသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဟံသာဝတီအသင်း၊ ဇူလိုင် ၇ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် စစ်ကိုင်းအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် Chinland အသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


 ပွဲစဉ် (၁၄) အပြီးတွင် ရန်ကုန်အသင်းက ၂၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၂၆ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ ဧရာဝတီအသင်းက ၂၄ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ ရတနာပုံအသင်းက ၂၁ မှတ်၊ ရခိုင်အသင်းက ရမှတ် ၂၀၊ ဇွဲကပင်အသင်းက ၁၅ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်၊ Southern အသင်းက ၁၂ မှတ်၊ မကွေးအသင်းက ၁၁ မှတ်၊ Chinland အသင်းက ကိုးမှတ်ရထားသည်။


 ရတနာပုံအသင်းသည် ငါးပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေသော်လည်း ပြိုင်ဘက်ဟောင်း ရန်ကုန်နှင့် တွေ့ဆုံနေသောကြောင့် ရလဒ်ကောင်းရန် ကြိုးပမ်းမည်ဖြစ်ရာ ပွဲကောင်းတစ်ပွဲကို တွေ့မြင်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ထိပ်ဆုံးနေရာတွင် ဆက်လက်ဦးဆောင်နိုင်ရန် အမှတ်လျော့၍ မရဘဲ နိုင်ပွဲရယူနိုင်ရန် လိုအပ်နေသည်။ ဇယားထိပ်ပိုင်းမှ ရှမ်းယူနိုက်တက်၊ ဟံသာဝတီ၊ ဧရာဝတီနှင့် စစ်ကိုင်းအသင်းတို့မှာမူ ဇယားအောက်ပိုင်းမှ အသင်းများနှင့် တွေ့ဆုံနေသည်။

 
လက်ရှိအသင်းများ၏ ရပ်တည်မှုအရ ချန်ပီယံဆုနှင့် တန်းဆင်းနှစ်နေရာအတွက် ပွဲတိုင်းက အရေးပါနေပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲကောင်းများ ဆက်လက်တွေ့မြင်ရဖွယ်ရှိနေသည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်