MNL လူငယ်လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်နေ

၂၄  ဇွန်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL ယူ-၁၉ နှင့် ယူ-၂၁ လိဂ်ပြိုင်ပွဲနှစ်ခုကို ပြန်လည်ကျင်းပရန် စီစဉ်လျက်ရှိသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဇွန် ၂၂ ရက်က MNL နှင့် MNL-2 ကလပ်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် လူငယ်လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လူငယ်လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် ပုံစံသုံးခုဖြင့် ကလပ်အသင်းများနှင့် ဆွေးနွေးခဲ့ပြီး တစ်ကျော့တည်းသာကျင်းပရန် ကလပ်အသင်းများက ဆန္ဒပြုခဲ့ကြသည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လူငယ်လိဂ်ပြိုင်ပွဲနှစ်ခု ကျင်းပမည့်ပုံစံနှင့် ကာလကို ယခုရက်ပိုင်းအတွင်း အတည်ပြုမည်ဖြစ်ပြီး စက်တင်ဘာတွင် စတင်ကာ အောက်တိုဘာတွင် ပြီးဆုံးမည့်ပုံစံဖြင့်သာ ကျင်းပဖွယ်ရှိနေသည်။

 

ယူ-၁၉ နှင့် ယူ-၂၁ လိဂ်ပြိုင်ပွဲနှစ်ခုမှာ ပထမအကျော့တစ်ဝက်တွင် ရပ်နားခဲ့ရခြင်းဖြစ်ပြီး ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့ ဖျက်သိမ်းသွားပြီဖြစ်သောကြောင့် ယင်းနှစ်သင်း၏ ရလဒ်များပယ်ဖျက်ကာ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့ကြောင့် ယူ-၁၉ လိဂ်တွင် ၁၈ သင်း၊ ယူ-၂၁ လိဂ်တွင် ၁၇ သင်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး တစ်သင်းလျှင် ၁၀ ပွဲအောက်သာ ထပ်မံကစားရတော့မည်ဖြစ်သည်။

 

ပြည်တွင်းဘောလုံးပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါကြောင့် မတ် ၂၄ ရက်ကတည်းက ရပ်နားခဲ့ရပြီး ဇွန်ဒုတိယပတ်က ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 စီနီယာလိဂ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲသာ ပြန်လည်ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း လူငယ်လိဂ်ပြိုင်ပွဲများကို နောက်ပိုင်းမှ ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ