MNL ကလပ်အသင်းများ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစား

၂၅ ဒီဇင်ဘာ

၂၀၂၀ ရာသီအတွက် လေ့ကျင့်ပြင်ဆင်နေသည့် MNL ကလပ်အသင်းများသည် ဒီဇင်ဘာ ၂၄၊ ၂၅ ရက်က ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။

ရာသီကြိုခြေစမ်းပွဲများတွင် ရန်ကုန်အသင်းက စစ်ကိုင်းအသင်းကို ခြောက်ဂိုး-သုံးဂိုး၊ ဟံသာဝတီအသင်းက မကွေးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ရတနာပုံအသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ရာသီကြိုအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ၁၁ ဦးအထိ ခေါ်ယူထားသည့် ရန်ကုန်အသင်းသည် ရာသီကြိုခြေစစ်ပွဲငါးပွဲစလုံး အနိုင်ရခဲ့သည်။

ရန်ကုန်နှင့် စစ်ကိုင်းအသင်းသည် ရာသီသစ်မစမီ ဒုတိယမြောက်ခြေစမ်းခြင်းဖြစ်ပြီး ရန်ကုန်အသင်းက နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။ နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစ မိနစ်တွင် ဆင်မြူရယ်က စစ်ကိုင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် ရန်ကုန်အသင်းက တိုက်စစ်မြင့်လာပြီး ၁၆ မိနစ်တွင် မောင်မောင်လွင်က ချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၁၉၊ ၂၂ မိနစ်တွင် အီမန်နျူရယ်က နှစ်ဂိုးဆက်သွင်းယူခဲ့သလို ၂၈ မိနစ်တွင်ဘာဖိုက ပယ်နယ်တီမှတစ်ဆင့် ဂိုးထပ်သွင်းသောကြောင့် ပထမပိုင်းအပြီးတွင် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရနေသည်။ ၄၇ မိနစ်တွင် ဘာဖိုက ရန်ကုန်အသင်းအတွက် ပဥ္စမဂိုးသွင်းယူခဲ့ပြီး စစ်ကိုင်းအသင်းအတွက် ချေပဂိုးများကို ၄၉ မိနစ်တွင် မျိုးမင်းဖြိုးနှင့် ၅၈ မိနစ်တွင် သီဟဇော်တို့က သွင်းယူခဲ့သည်။ ရန်ကုန်အသင်းအတွက် ဆဌမဂိုးကို ၇၄ မိနစ်တွင် သန်းပိုင်က သွင်းယူခဲ့သည်။

ရတနာပုံအသင်းမှာမူ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းနှင့် ခြေစမ်းကစားရာ အနိုင်မကစားနိုင်ဘဲ ဂိုးမရှိသရေကျခဲ့သည်။ ဟံသာဝတီအသင်းမှာမူ မကွေးအသင်းကိုအနိုင်ယူပြီး ရာသီကြိုခြေစမ်းပွဲများတွင် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ မကွေးအသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အရှုံးဖြင့်ရင်ဆိုင်ခဲ့ရသည်။ ၃၄ မိနစ်တွင် အောင်မြင့်ထွန်းက မကွေးအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ဟံသာဝတီအတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ၃၈၊ ၄၂ မိနစ်တွင် အီမီကာက သွင်းယူခဲ့သည်။

သတင်း-ညီမြတ်သော်တာ