MNL ကလပ် ဟံသာဝတီအသင်း ရာသီသစ်အတွက် စတင်ပြင်ဆင်

၁၂ ဒီဇင်ဘာ

မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၂၁ ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး နည်းပြအဖွဲ့ကို အင်အားဖြည့်တင်းခဲ့သည်။

ဟံသာဝတီအသင်းသည် နည်းပြအတွေ့အကြုံများစွာရှိသည့် ဝါရင့်နည်းပြ ဦးဉာဏ်ဝင်းကို နည်းစနစ် အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၂ နှစ်ကုန်အထိ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။ ဟံသာဝတီအသင်း ဘုတ်အဖွဲ့သည် နည်းပြချုပ် ဦးမျိုးမင်းထွန်း၏ တောင်းဆိုမှုကြောင့် နည်းစနစ် အကြံပေးခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရာသီတွင် စီနီယာအသင်းကိုတာဝန်ယူကိုင်တွယ်မည့် နည်းပြအဖွဲ့ကိုလည်း ဒီဇင်ဘာ ၁၂ ရက်က အတည်ပြုခဲ့သည်။ 

ဟံသာဝတီအသင်းနည်းပြအဖွဲ့တွင် နည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်း၊ နည်းစနစ်အကြံပေးအဖြစ် ဦးဉာဏ်ဝင်း၊ လက်ထောက်နည်းပြများအဖြစ် ဦးတင်ဝင်းနှင့် ဦးချစ်ကိုကို၊ ဂိုးနည်းပြအဖြစ် ဦးအောင်သက်၊ ကြံ့ခိုင်ရေးနည်းပြအဖြစ် ဦးအောင်လတ်သူတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ 

ဦးမျိုးမင်းထွန်းနှင့် ဦးဉာဏ်ဝင်းတို့မှာ ရန်ကုန်အသင်းတွင်လည်း အတူတကွဆောင်ရွက်ခဲ့ဖူးပြီး ဟံသာဝတီအသင်းတွင် ထပ်မံလက်တွဲဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် AFC Cup ခြေစစ်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြင်ဆင်မှုများစတင်ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကစားသမားသစ်များလည်း ခေါ်ယူအားဖြည့်သွားမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် လက်ရွေးစင်အဆင့်ကစားသမားများအပါအဝင် ပြည်တွင်းကစားသမားသစ်များကို ယခုလအတွင်း စတင်ခေါ်ယူမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ