MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယဆုရ ဟံသာဝတီအသင်း အာရှအဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိ    

၄ စက်တင်ဘာ                                          


၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင်္င် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယဆုရခဲ့သည့် ဟံသာဝတီ အသင်းသည် လာမည့်ရာသီတွင် အာရှအဆင့် ကလပ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ ဒုတိယဆုရ ဟံသာဝတီအသင်းက AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တို့မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ သတ်မှတ်ထားသည့်ပုံစံအရ လိဂ်ချန်ပီယံအသင်းမှာ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ ရှုံးထွက်ချန်ပီယံ သို့မဟုတ် လိဂ်ပြိုင်ပွဲ ဒုတိယဆုရအသင်းမှာ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်မှ စတင်ကစားခွင့်ရမည်ဖြစ်ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရှုံးထွက်ပြိုင်ပွဲ မကျင်းပနိုင်ရန် သေချာသလောက်ရှိနေကာ လိဂ်ပြိုင်ပွဲ ဒုတိယဆုရသည့် ဟံသာဝတီအသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ပါက AFC Cup ပြိုင်ပွဲတွင် MNL အမှတ်ပေးပြိုင်ပွဲ တတိယဆုရသည့် ဧရာဝတီအသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၈ နှင့် ၂၀၂၀ ရာသီ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

AFC Cup ပြိုင်ပွဲတွင်မူ ၂၀၁၈ ရာသီမှစတင်ကာ လေးနှစ် ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၂၀ ပြိုင်ပွဲကိုမူ ကိုဗစ်-၁၉ ရောဂါကြောင့် အုပ်စုပွဲ ပထမအကျော့အပြီးတွင် ဖျက်သိမ်းခဲ့ရသည်။

ဟံသာဝတီအသင်းမှာမူ AFC Cup ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ နှစ်သင်းစလုံး လာမည့်ရာသီတွင် အာရှအဆင့်ပြိုင်ပွဲများ၌ ရလဒ်ကောင်းရယူနိုင်ရန် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ် အာရှချန်ပိယံလိဂ်ပြိုင်ပွဲ၊ AFC Cup ပြိုင်ပွဲတို့နှင့် ပတ်သက်၍ ကျင်းပမည့် ပုံစံနှင့် ကျင်းပမည့်ကာလတို့ကို နှစ်ကုန်ပိုင်းတွင် အတည်ပြုထုတ်ပြန်ဖွယ်ရှိနေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်