MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) တွင် ဧရာဝတီနှင့် ဟံသာဝတီအသင်း တွေ့ဆုံ

၂၇ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ကို ယခုတစ်ပတ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရှုံးပွဲမရှိသေးသည့် တတိယနေရာမှ ဧရာဝတီအသင်းနှင့် ခုနစ်ပွဲဆက်နိုင်ပြီး ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

 

ပွဲစဉ် (၈) အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလာသီရိကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ဇွဲကပင်အသင်း၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဟံသာဝတီအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရတနာပုံအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် မကွေးအသင်း၊ မတ် ၁ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယခုတစ်ပတ်၏ အကောင်းဆုံးပွဲနှင့် စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်လာနိုင်သည့်ပွဲမှာ ဧရာဝတီအသင်းနှင့် ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့်ပွဲဖြစ်သည်။ ဟံသာဝတီအသင်းသည် ယခုရာသီတွင် သိသိသာသာခြေစွမ်းပြနေပြီး ရာသီအစ ခုနစ်ပွဲစလုံးအနိုင်ရပြီး ဇယားထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။ ဟံသာဝတီအသင်းသည် ယခုပွဲအနိုင်ရပါက ထိပ်ဆုံးတွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်မည်ဖြစ်သလို ဧရာဝတီအသင်းမှာလည်း နိုင်ပွဲရယူနိုင်မှသာ အမှတ်ကွာဟနေမှုကို လျော့ချနိုင်မည်ဖြစ်သည်။ နှစ်သင်းစလုံး ရှုံးပွဲမရှိသေးသည့်အပြင် ပေးဂိုးမှာလည်း သုံးဂိုးစီသာရှိသေးရာ ဧရာဝတီနှင့် ဟံသာဝတီအသင်းတို့၏ ပြိုင်ဆိုင်မှုကို တွေ့မြင်ရမည်ဖြစ်သည်။

 

ဒုတိယနေရာမှ ရန်ကုန်အသင်းသည် ဧရာဝတီနှင့် ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုကို အသုံးချရန် ကြိုးစားရမည်ဖြစ်သော်လည်း ရခိုင်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သောကြောင့် ရုန်းကန်ရနိုင်ပေသည်။ ပွဲစဉ် (၇) မှ ပထမဆုံးနိုင်ပွဲရခဲ့သည့် Southern အသင်းနှင့် နိုင်ပွဲဆက်တိုက်ပျောက်ဆုံးနေသည့် ရတနာပုံအသင်းတို့၏ တွေ့ဆုံမှုကလည်း စိတ်ဝင်စားစရာကောင်းနေသလို လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ရုန်းကန်မှုကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

 

ပွဲစဉ် (၇) အပြီးတွင် ဟံသာဝတီအသင်းက ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ၁၇ မှတ်စီ၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရခိုင်အသင်းက ၁၂ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ ရတနာပုံ၊ မကွေးနှင့် အား/ကာသိပ္ပံအသင်းတို့က ခြောက်မှတ်စီ၊ ချင်းယူနိုက်တက်အသင်းက လေးမှတ်၊ Southern အသင်းက သုံးမှတ်နှင့် ဇွဲကပင်အသင်းက နှစ်မှတ်ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ