MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) စနေ၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်

၄ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ကို ယခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ပထမဆုံးတက်လှမ်းနိုင် ခဲ့သည့် ဟံသာဝတီအသင်းနှင့် ရှုံးပွဲမရှိသေးသည့် တတိယနေရာမှ ဧရာဝတီအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေသည်။

 

ပွဲစဉ် (၇) အဖြစ် ဧပြီ ၆ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ဒဂုံအသင်း၊ ဧပြီ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဟံသာဝတီအသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် Chinland၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၆) အပြီး အသင်းများ၏ ရပ်တည်မှုအရ အမှတ်ကွာဟမှုမရှိသောကြောင့် နိုင်ပွဲပျောက်ဆုံးပါက အဆင့်ရပ်တည်မှုမှာလည်း အတက်အကျဖြစ်ဖွယ်ရှိနေသည်။ ထိပ်ဆုံးတွင် ပထမဆုံးဦးဆောင်ခွင့်ရခဲ့သည့် ဟံသာဝတီအသင်းသည် ဧရာဝတီအသင်းနှင့် အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်ပြီး အနိုင်ရမှသာ ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်သည်။ ဧရာဝတီအသင်းမှာလည်း ဟံသာဝတီကို အနိုင်ရပါက ထိပ်ဆုံးနေရာအား ရယူနိုင်မည့် အခွင့်အရေးရှိနေရာ ယင်းပွဲမှာ ယခုတစ်ပတ်၏ အကောင်းဆုံးပွဲဖြစ်လာဖွယ်ရှိနေသည်။ ဒုတိယနေရာတွင် ရပ်တည်နေသည့် ရှမ်းယူနိုက်တက်၊ အဆင့် (၄) နေရာတွင် ရပ်တည်နေသည့် ရတနာပုံအသင်းတို့မှာလည်း အဝေးကွင်းကစားရမည်ဖြစ်ပြီး ရတနာပုံအသင်းမှာမူ အိမ်ကွင်းခြောက်ပွဲဆက် ကစားခဲ့ကာ ယခုပွဲမှသာ ပထမဆုံးအဝေးကွင်းပွဲ ကစားရခြင်းဖြစ်သည်။

 

ပွဲစဉ် (၆) အပြီးတွင် ဟံသာဝတီအသင်းက ၁၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းက ၁၂ မှတ်စီ၊ ရတနာပုံအသင်းက ၁၁ မှတ်၊ ရန်ကုန်အသင်းက ၁၀ မှတ်၊ စစ်ကိုင်းနှင့် ရခိုင်အသင်းက ကိုးမှတ်စီ၊ Southern အသင်းက ခုနစ်မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ မကွေးအသင်းက လေးမှတ်၊ ဒဂုံအသင်းက သုံးမှတ်၊ Chinland အသင်းက တစ်မှတ်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

DSC_7