MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက် စတင်ကျင်းပမည်

ဒီဇင်ဘာ ၂၄

 

၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းရှစ်သင်းဖြင့် ကျင်းပရန် စီစဉ်ထားသည်။

 

MNL-2 ပြိုင်ပွဲတွင် အသင်းဖျက်သိမ်းသွားသည့် အသင်းများရှိသလို အသင်းသစ်များလည်း ပါဝင်မည်ဖြစ်ကာ နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အသင်းသစ်အဖြစ် ယောယူနိုက်တက်အသင်း ပါဝင်လာမည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

MNL-2 အသင်းများအနက် ၂၀၁၉ ရာသီအပြီးတွင် MNL မှ တန်းဆင်းလာရသည့် ဒဂုံအသင်းနှင့် ပထမတန်းကလပ် ရွိုင်ရယ် သန်လျင်အသင်းတို့မှာ အသင်းဖျက်သိမ်းသွားသောကြောင့် ရှစ်သင်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

 

MNL-2 ပြိုင်ပွဲကို ရန်ကုန်မြို့၌သာ ကျင်းပမည်ဖြစ်ပြီး Chinland အသင်း၊ မြဝတီအသင်း၊ ကချင်ယူနိုက်တက်အသင်း၊ မောရဝတီအသင်း၊ တက္ကသိုလ်အသင်း၊ ငွေကြယ်ပွင့်အသင်း၊ ယောယူနိုက်တက်အသင်းနှင့် မြန်မာယူ-၁၉ အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၂၀ ရာသီကို ဇန်နဝါရီ ၂၃ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ရာသီတွင် ချင်းယူနိုက်တက်အသင်း၊ ၂၀၁၄ ရာသီတွင် ဟံသာဝတီအသင်း၊၂၀၁၅ ရာသီတွင် Southern အသင်း၊ ၂၀၁၆ ရာသီတွင် မနောမြေအသင်း၊ ၂၀၁၇ ရာသီတွင် စီးတီးရန်ကုန်အသင်း၊ ၂၀၁၈ ရာသီတွင် ရွိုင်ရယ်သန်လျင်အသင်းနှင့် ၂၀၁၉ ရာသီတွင် ချင်းယူနိုက်တက်အသင်းတို့ ဗိုလ်စွဲခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်