MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်

၅ ဇန်နဝါရီ

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်လာပြီဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲကို ဇန်နဝါရီမှ ဇူလိုင်အထိ ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ကို ဇန်နဝါရီ ၂၃ ရက်မှ မတ် ၁၅ ရက်၊ ဒုတိယအကျော့ကို မေ ၂၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းသစ်အဖြစ် ယောမြေအသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ MNL မှ တန်းဆင်းလာရသည့် Chinland အသင်းအပါအဝင် မောရဝတီအသင်း၊ ကချင်ယူနိုက်တက်အသင်း၊ မြဝတီအသင်း၊ ငွေကြယ်ပွင့်အသင်း၊ MFF ယူ-၁၉ အသင်း၊ တက္ကသိုလ်အသင်းနှင့် ယောမြေအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ MFF ယူ-၁၉ အသင်းသည် ရွေးချယ်ထားသည့် ကစားသမားများပြိုင်ပွဲအတွေ့အကြုံရစေရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ယောမြေအသင်းမှာမူ မကွေးတိုင်းဒေသကြီးကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ် (၁) အဖြစ် ဇန်နဝါရီ ၂၃ ရက်တွင် စလင်းကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်း၊ ပဒုမ္မာကွင်း/ဗဟန်းကွင်း၌ Chinland အသင်းနှင့် မောရဝတီအသင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် စလင်းကွင်း၌ တက္ကသိုလ်အသင်းနှင့် MFF ယူ-၁၉ အသင်း၊ တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့် ယောမြေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ရာသီတွင် ချင်းယူနိုက်တက်အသင်း၊ ၂၀၁၄ ရာသီတွင် ဟံသာဝတီအသင်း၊၂၀၁၅ ရာသီတွင် Southern အသင်း၊ ၂၀၁၆ ရာသီတွင် မနောမြေအသင်း၊ ၂၀၁၇ ရာသီတွင် စီးတီးရန်ကုန်အသင်း၊ ၂၀၁၈ ရာသီတွင် ရွိုင်ရယ်သန်လျင်အသင်းနှင့် ၂၀၁၉ ရာသီတွင်ချင်းယူနိုက်တက်အသင်းတို့ ဗိုလ်စွဲခဲ့သည်။

သတင်း-ညီမြတ်သော်တာ