မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

၁၉  ဒီဇင်ဘာ

 

အစစအရာရာ အမြန်အဆန်လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ်အတော်များများ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အတွက် အချိန်ပေးရတဲ့အတွက် မနက်စာလွတ်တတ်ကြပါတယ် ။ ညအိပ်ရာဝင်တာ နောက်ကျခြင်း ၊ ကားလမ်းပိတ်ခြင်းတွေကြောင့် စောစောကြိုသွားရခြင်းတွေကြောင့် မနက်စာကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ။

 

လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို အစာထဲမှာပါတဲ့ အာဟာရဓါတ်တွေကပဲ အဓိက ရယူပါတယ် ။  လူတွေကသာ ညဘက်အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် အာဟာရဓါတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓါတ်တွေ အထူးသဖြင့် သကြားဓါတ်တွေက နည်းနေပါတယ်။

 

အဲ့ဒီအချိန်မှာ မနက်စာလွတ်တဲ့အတွက် အာဟာရမရရင် နဂိုကတည်းက အာဟာရ ဓါတ်နည်းနေတဲ့ အချိန် ဖြစ်တဲ့အတွက် ပိုပြီးသိသာစေပါတယ်။ခန္ဓာကိုယ်အတွက် ဦးနှောက်က မော်တော်အင်ဂျင် တစ်လုံးလို့ တင်စားရရင် သကြားဓါတ်တွေက အားဖြည့်ပေးတဲ့ ဓါတ်ဆီလို့ ခေါ်နိုင်ပါတယ်။ မနက်ခင်းမှာ အာဟာရမရှိတော့ ဦးနှောက်မကြည်တဲ့အတွက် အာရုံစိုက်တာ အားနည်းခြင်း ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ချွေးစေးထွက်ခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်းတွေနဲ့ သကြားဓါတ် အရမ်းကျရင် သတိလစ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ် ။

 

မနက်စာမစားရတာ ရေရှည်ကြာလာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲပြီး အဝလွန်ခြင်း၊ဟော်မုန်းများ အပြောင်းအလဲဖြစ်ပြီးတော့ စိတ်တိုလွယ်ခြင်းတွေ ဖြစ်တတ်ပါတယ် ။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ဝေဒနာ တွေလည်း ခံစားရနိုင်ပါတယ် ။

 

ဒီလိုမဖြစ်စေရအောင် တတ်နိုင်သမျှတော့ မနက်စာ စားသင့်ပါတယ်။ အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊သစ်သီးဝလံတွေ စားတာက အားရှိစေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန် စေတဲ့အတွက် မနက်စာစားဖို့ အကြံပြုလိုပါတယ် ။

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်