မင်းတုန်းမြို့နယ် မြို့ဟောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေးပေး

မင်းတုန်း၊ အောက်တိုဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ဝင် ကျေးရွာဖြစ်သော မြို့ဟောင်းကျေးရွာ၌ မြစိမ်းရောင်ချေးငွေများကို အောက်တိုဘာ  ၆ ရက်က ကျေးရွာဓမ္မာရုံ၌ ပထမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုဝင်းအောင်က မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာ‌စောင်ပါ လုပ်ငန်းစဉ်အကြောင်းအရာများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။

 

မင်းတုန်းမြို့နယ် မြို့ဟောင်းကျေးရွာ၌ နေကြာသီးနှံကို သီးသန့် ၉ ဒသမ ၇၅ ဧက၊ သီးညှပ် ၂၈ ဒသမ ၅၀ ဧက စုစုပေါင်း နေကြာသီးနှံ ၃၈ ဒသမ ၂၅ ဧကမှာ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးမည့် အသင်းသား အသင်းသူ စုစုပေါင်း ၂၃ ဦးထံသို့ မြစိမ်းရောင်ချေးငွေကျပ် ၁၀ သန်းကို အတိုးနှုန်း ကျပ် ၁၀၀ လျှင် ၅၀ ပြားနှုန်းဖြင့် နေကြာစိုက်တောင်သူများ၏ လက်ဝယ်အရောက် ထုတ်ချေးမှုကို ဦးစီးအရာရှိနှင့် ဝန်ထမ်းမျာက ကြီးကြပ်ပေးခဲ့ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကိုညို(ကျေးလက်)