မင်းသား ဝီလျံ ဧပြီလက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

၂ နိုဝင်ဘာ

 

ဗြိတိန်မင်းသား ဝီလျံ ဧပြီလက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည်ဟု ဗြိတိန်မီဒီယာများစွာက ဆိုသည်။

 

မင်းသား ဝီလျံကို နန်းတော်ဆရာဝန်များဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသပေးခဲ့ကြောင်းနှင့် မင်းသားသည် နောဖော့ခ်ရှိ အန်မာဟော မိသားစုနေအိမ်တွင် သီးခြားနေထိုင်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာခဲ့သည်ဟု The Sun သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

 

ဝီလျံတွင် အသက်ရှုရန် ခက်ခက်ခဲခဲကြိုးစားနေရသည့် အခြေအနေဖြစ်ပေါ်စေခဲ့သဖြင့် ၎င်းပတ်ဝန်းကျင်ရှိလူများအားလုံး အလွန်အမင်းထိတ်လန့်ခဲ့ကြသည်ဟုဆိုသော သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြထားသည်။

 

သို့ရာတွင် ဧပြီလက တယ်လီဖုန်းနှင့် ဗွီဒီယိုခေါ်ဆိုမှု ၁၄ ကြိမ် ပြုလုပ်ခဲ့သည်။

 

မင်းသား ဝီလျံက ၎င်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်းကို နိုင်ငံအထိတ်တလန့်မဖြစ်စေရန် လျှို့ဝှက်ထားခဲ့သည်ဟု The Sun သတင်းစာက ဆိုသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ပူပန်မှုမဖြစ်စေလိုကြောင်းနှင့် အရေးကြီးသည့်အရာများကို ဆက်လက်လုပ်ဆောင်သွားရန် ဗွီဒီယိုခေါ်ဆိုမှုတွင် လေ့လာစောင့်ကြည့်သူတစ်ဦးကို ဝီလျံက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

 

ဝီလျံ၏ဖခင် ချားလ်စ်မင်းသားနှင့် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်တို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း မတ်လနှောင်းပိုင်းက အတည်ပြုခဲ့သည်။

 

ဂျွန်ဆင်၏ကျန်းမာရေးအခြေအနေဆိုးရွားခဲ့ပြီး အထူးကြပ်မတ်ဆောင်သို့ပြောင်းရွှေ့ကုသပေးချိန်တွင် ချားလ်စ်မင်းသားတွင် ရောဂါလက္ခဏာအနည်းငယ်ပြသခဲ့သည်။

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၄၆၀၀၀ ကျော်ရှိပြီး ဉရောပတွင် အများဆုံးဖြစ်သည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို