မြင်းမူမြို့ တောင်ပိုင်းရပ်ကွက်ရှိ ကမ်းနားလမ်းမြေထိန်းနံရံ နိမ့်ဝင်ကျွံကျမှုဖြစ်ပွား

မြင်းမူ  ၃  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တောင်ပိုင်းရပ်ကွက် ကမ်းနားလမ်းမြေထိန်းနံရံ နေရာတစ်ခု ဩဂုတ် ၃ ရက်နေ့က နိမ့်ကျမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဩဂုတ် ၃ ရက်(ယနေ့)နံနက် ၆ နာရီခွဲအချိန်က မြင်းမူမြို့တွင်  မိုးသည်းထန်စွာရွာသွန်းခဲ့မှုနှင့်  ယမန် နေ့ရက်များက ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် မြေသားများ ရေတိုက်စားမှုဖြစ်ပွားကာ နိမ့်ဆင်း သွားနိုင်ခြင်းဖြစ်ကြောင်း ဖြစ်ပွားရာအနီး ကမ်းနားနေထိုင်သူ ဦးမျိုးကြီးထံမှသိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍   အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့်၊   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ အချိန်မီပြုပြင်ရေး လုပ်ငန်းများအဖြစ် ကျွံကျရာ နေရာများအား ဘီကျောက်များဖြင့်ဖာထေးခြင်းနှင့် ယာဉ်သွားလာမှုတားမြစ်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 

ယခုလမ်းကျွံကျရာ နေရာမှာ အလျှားအရှည် ပေ(၁၂၀)၊ အကျယ်(၈)ပေနှင့် နိမ့်ဆင်းမြေ(၆)လက်မခန့် ရှိကြောင်း၊ ယင်းနေရာအားပြုပြင်ရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  အရှည်ပေ(၂၀၀)အား   ငွေကျပ်သန်း(၆၀) ပြုပြင်ရန်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)

IMG_20200803_160447

 

IMG_20200803_160337