မင်းလှမြို့တွင် ဆီသိုလှောင်ကန်အတွင်းသို့ ရေနံစိမ်းဆီထည့်ရာမှ ကားမီးလောင်မှုဖြစ်ပွား

mdn

အထက်မင်းလှ     ၂၃ မေ 

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ကုန်းကြီးကျေးရွာ အနီး၊ ကုန်းကြီးဆီခြံရှိ အကွက်အမှတ်(၂၆)ဆီခြံပိုင်ရှင် ဦးသက်(ခ)ဦးဖိုးသက် ရုံးရပ်မြောက်ပိုင်းရပ်ကွက် မင်းလှမြို့နေသူ၏ ဆီခြံတွင် မေ ၂၂ မွန်းလွဲ ၂ နာရီက ဆီသိုလှောင်ကန်အတွင်းသို့ ရေနံစိမ်းဆီထည့်ရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုမှာ ဦးသက်(ခ)ဦးဖိုးသက်၏ ဆီခြံတွင် ရေနံစိမ်းပီပါမှ ရေနံစိမ်းများအား အင်ဂျင်ပန့်ဖြင့်စုပ်ယူ၍ ရေနံစိမ်းဆီသိုလှောင်ကန်အတွင်းသို့ ရွှေ့ပြောင်းထည့်စဉ် ပိုက်ထိပ်ဝတွင် တပ်ဆင်ထားသောသံဂေါက်နှစ်ခုပွတ်တိုက်မိရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့် ၂၂ ဘီးအဖြူရောင်ဆီဘောက်ဆာတွဲယာဉ်၏ ရှေ့အင်ဂျင်ခေါင်းခန်းတစ်ခုလုံးနှင့် ကားတာယာ ၁၀ လုံး၊ ၁၂ ဘီးအဖြူရောင်ဘောက်ဆာယာဉ်၏ နောက်ပိုင်းတစ်ခုလုံးနှင့်ကားတာယာ ၉ လုံး၊ ဆီစုပ်ပိုက်ဂေါက်တံပါ ၂ချောင်း၊ ရေနံစိမ်း ၂၅ ဂါလံတို့ မီးကူးစက်လောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မစခန်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းကျော်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ လူနှင့်တိရစ္ဆာန်များ ဆုံးရှုံးမှုမရှိကြောင်း သိရ သည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn