မင်းလှမြို့နယ်ထဲမှ တရားမဝင် ရေနံချက်ဖိုများအား ဝင်ရောက်ဖမ်းဆီး

မကွေး ၅ မတ်

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ထဲတွင် တရားမဝင်ချက်လုပ်နေသော ရေနံချက်ဖိုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးနှင့်အဖွဲ့က မတ် ၅ ရက် နံနက်ပိုင်းက ရှာဖွေခဲ့ရာ ရေနံချက်ဖို (၅)လုံးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးဦးဆောင်သော ဖမ်းဆီးရေးအဖွဲ့က မင်းလှမြို့၊ ရေနံမနယ်မြေစခန်း အနောက်ဘက် ၅ မိုင်ခန့်အကွာ တောအတွင်းရှာဖွေခဲ့ရာ တရားမဝင် ရေနံချက်ဖို (၄) ဖိုအား မတ် ၅ ရက် နံနက် ၈ နာရီခန့်တွင် ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ပြီး အဆိုပါနေရာ၏ အရှေ့ဘက် (၅)ဖာလုံခန့်အကွာ၌ ရေနံချက်ဖို (၁)လုံးအား နံနက် ၁၀ နာရီခန့်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ရေနံမ နယ်မြေရဲစခန်းမှ သိရသည်။

 

“တရားမဝင်တာကို တားဆီးရမယ့် တာဝန်က အစိုးရတစ်ရပ်ကရော၊ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဌာနတွေရော တာဝန်ရှိတာလေ။ အဲဒီ့တာဝန်ကို အကောင်အထည်ဖော်လိုက်တဲ့ သဘောပါ။ ပခုက္ကူမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ တရားဝင် ရေနံချက်စက်ရုံ အသေးစားလုပ်ငန်းကတော့ တော်တော်ခရီးရောက်နေပါပြီ” ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

 

ဖမ်းဆီးရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဇော်ပါ ၃ ဦး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် လုံခြုံရေးအဖွဲ့မှ ရဲအုပ်ဝင်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်(၆)ဦး၊ မင်းလှမြို့နယ်၊ ရေနံမ နယ်မြေစခန်းမှူး  ရဲအုပ်အောင်မင်းဦးပါ တပ်ဖွဲ့ဝင် ၉ ဦး၊ သက်သေအဖြစ် ရေနံမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးစန်းပါ ၂ ဦးတို့ ပါဝင်ခဲ့သည်။

 

ပူးပေါင်းအဖွဲ့၏ ရှာဖွေမှုအရ ရေနံမကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာအကြား တောအတွင်းလျှိုမြောင်ထဲမှ ရေနံချက်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ (ခန့်မှန်းတန်ဖိုး ၉ သိန်းခန့်) ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တရားမဝင် ရေနံချက်လုပ်သူနှင့် ရေနံချက်ဖိုပိုင်ရှင်များအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် ရေနံမနယ်မြေရဲစခန်း၌ ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ (၃၇) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရှာဖွေဖမ်းဆီးခဲ့ရာတွင် ဂါလန်(၅၀၀)ဆံ့ ရေသံကန် တစ်လုံး၊ ဆီသွယ်ရာတွင်အသုံးပြုသည့် သံပိုက်ကွေး (၂) ချောင်း၊ သံပိုက် (၂) ချောင်း၊ မိုးကာ(၆)ခု၊ ပေပါပိုင်းပြတ်တစ်ခု၊ ဂါလန် (၂၅၀) ဆံ့ ရေသံကန်တစ်လုံး၊ ဂါလန် (၇၅၀)ဆံ့ သံတိုင်ကီတစ်လုံး၊ ရေစုပ်စက်တစ်လုံး၊ နံပတ်ပါ ဒါရမ်း 125 ဆိုင်ကယ် အပြာရောင်တစ်စီး၊ နံပတ်ပါ ကမ်ဘို 125 ဆိုင်ကယ် အနက်ရောင်တစ်စီး၊ နံပတ်မပါ Dream 125 ဆိုင်ကယ် အနက်ရောင်တစ်စီး၊ ဆင်းမ်ကပ်ပါ Oppo ဖုန်းတစ်လုံး၊ ဆင်းမ်ကပ်ပါ Samsaung ဖုန်းတစ်လုံး၊ ပေပါခွံ (၅) လုံး၊ လေးထောင့်သံပုံး (၅) လုံး၊ သံကန်တော့ (၂) ခု၊ သံဂေါ်ပြားတစ်ခု၊ ရေနံအပျက် (၅) ဂါလံခန့်ပါသည့် ပေပါ (၃) လုံးတို့ကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇေယျတု(မကွေး)