မင်းလှမြို့နယ်၌ ကျောက်မီးသွေးတွင်း မြေပြိုကျမှုတွင် နှစ်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးလျက်ရှိ

နေပြည်တော် ၂၇ သြဂုတ် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဆပ်ပြာကုန်းကျေးရွာအနီးရှိ ပြည်ကြီးတံခွန်မြို့နယ်နေ ဦးမျိုးသန်း (၅၁)နှစ်ပိုင် “အင်ကြင်းတောင်” ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်လုပ်ကိုင်လျက်ရှိသည့်  ကျောက်မီးသွေးတွင်းသည် ဩဂုတ် ၂၅ ရက် ည ၈ နာရီ ၄၅ မိနစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဝင်၍ မြေပြိုကျပြီး ပိတ်မိသူလေးဦးမှ နှစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက် တူးဖော်ရရှိခဲ့ကာ ကျန်နှစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်တွင် အလုပ်သမားများဖြစ်သည့် မင်းလှမြို့နယ်၊ မြောက်ရပ်ကွက်နေ အောင်ချမ်းသာ (၁၆)နှစ်ပါ အမျိုးသား လေးဦးမှာ တွင်းထဲ၌ ပိတ်မိသွားခဲ့ပြီး ည ၉ နာရီတွင် ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ကျောက်မီးသွေးတွင်းထဲမှ ရေများအား ရေစုပ်စက်ဖြင့် စုပ်ယူပြီး ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့၊ မင်းလှမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစီးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးသည့်ပူးပေါင်းအဖွဲ့က အလုပ်သမားများ/ ကျေးရွာသားများနှင့် ပူးပေါင်း၍ ရှာဖွေစဉ် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ကျောက်မီးသွေးတွင်း အလုပ်သမားဖြစ်သူ မင်းလှမြို့နယ်၊ ကျောက်ထောင်ကျေးရွာ စိုးအောင်(၁၉)နှစ်နှင့် အမ်းမြို့နယ်၊ လှကာရကျေးရွာနေ ပိုင်စိုးဝင်း (၂၈)နှစ်တို့ နှစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက် တူးဖော်ရရှိခဲ့ပြီး ကျန်ရှိသော အောင်ချမ်းသာပါ နှစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

MDN