မြင်းခြံမြို့နယ်တွင် ကျောင်း (၂၈) ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရ

မြင်းခြံ ၆  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ၂၈ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် အထက်တန်းကျောင်း (၃) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း အဖြစ်မှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် (၇)ကျောင်း စုစုပေါင်း (၂၈) ကျောင်းတို့ဖြစ်ကြပြီး တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများအားလုံးအနက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အလင်းရောင်ကျောင်းမှလွဲ၍ ကျန်ကျောင်းများမှာ ကျေးရွာများမှ ကျောင်းများဖြစ်ကြကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိသည့် ကျေးရွာမှ ပြည်သူများမှလည်း ယခုလို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေး၍ မိမိတို့ကလေးများကို မိမိတို့ကျေးရွာကျောင်းတွင် ပညာသင်ကြားနိုင်ပြီး ကျောင်းသွားရချိန်သက်သာပြီး စာကျက်ချိန်ပိုရခြင်း၊ ဘေးန္တရာယ် ကင်းရှင်းခြင်းတို့ကြောင့် ဝမ်းသာလျှက်ရှိကြောင်း သိရှိရသည်။

ဦးဇော်မင်းနိုင် (မြင်းခြံ)