မြင်းခြံမြို့ အစိုးရနည်းပညာကောလိပ်တွင် ရှေးဦးသူနာပြုသင်တန်းဖွင့်

မြင်းခြံ ၅ ဇန်နဝါရီ 

ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အစိုးရနည်းပညာကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရှေးဦးသူနာပြုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ 

ရှေးဦးသူနာပြုသင်တန်းဖွင့်ပွဲတွင် အစိုးရနည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလေးမာန်ဝင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးတင့်လွင်မှ သင်တန်းဖွင့် လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းနည်းပြမှူး ဆရာမဒေါ်မြမြမိုးမှ သင်တန်းသင်ကြားမှုတွင် ရှေးဦးသူနာပြု အတတ်ပညာ၏ အရေးပါပုံများကိုလည်းကောင်း၊ အစိုးရနည်းပညာကောလိပ် မော်ကွန်းထိန်း ဒေါ်တင်နုကြည်မှ သင်တန်းတွင် စည်းကမ်းများလိုက်နာကြရန် အကြောင်းကိုလည်းကောင်း ပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား မောင်ကျော်ဘုန်းခန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

အဆိုပါ ရှေးဦးသူနာပြုသင်တန်းကို ကျောင်းပိတ်ရက်များဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၅၀)ဦးတက်ရောက်ကာ သင်တန်းကာလမှာ (၈)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။ 

ဦးဇော်မင်းနိုင် (မြင်းခြံ)