မြင်းခြံခရိုင်မှ ကျေးရွာငါးရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မြင်းခြံ သြဂုတ် ၁

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာငါးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ​ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာထံမှ သိရသည်။

 

သောက်သုံးရေရရှိရေး ဆောင်ရွက်ရာတွင် မြင်းခြံခရိုင်အတွင်းရှိ ငါန်းဇွန်မြို့နယ်မှ ရွာဘို (တ) ကျေးရွာ၊ သာယာပေါင်းကျေးရွာ၊ အိုင်လျားကျေးရွာနှင့် မြင်းခြံမြို့နယ်မှ မြောက်ကုန်းကျေးရွာ၊ ကျီးပင်ကန်ကျေးရွာ စုစုပေါင်း ကျေးရွာငါးရွာတွင် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အခြားရေရရှိရေး ဆက်စပ်လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၂ ဒသမ ၅၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာငါးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် သက်ဆိုင်ရာကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိရေး အဆင်ပြေမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)