မင်္ဂလာသတင်းကောင်းများ ထင်ဟပ်နေသည့် သဘောတူထုတ်ပြန်ကြေညာချက်

၁၈  အောက်တိုဘာ

 

နှစ်ပေါင်း(၇၀)တာရှည်ခဲ့သော လက်နက်ကိုင်ပဋိပက္ခကိုရပ်စဲ၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးသည် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက နိုင်ငံရေးသန္နိဋ္ဌာန်ခိုင်မာစွာဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ဖြစ်ပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက နိုင်ငံရေးသန္နိဋ္ဌာန် ခိုင်မာစွာဖြင့် လက်တွဲညီညီ ဆောင်ရွက်နိုင်ရေးသည် အဆိုပါအဖွဲ့အစည်း များအကြား အပြန်အလှန်ယုံကြည်မှုရှိရန် လိုအပ်ပါသည်။ အထူးသဖြင့် တာဝန်ယူဆုံးဖြတ်ရမည့် ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည် မှုရှိရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ သော့ချက်လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ဤလိုအပ်ချက်နှင့်အညီ နိုင်ငံတော်အစိုးရနှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ကျင်းပခဲ့ခြင်းသည် အမျိုးသားရေးလိုအပ်ချက်ကို ဖြည့်ဆည်းပုံဖော်ဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။

 

အဆိုပါသီးသန့် အစည်းအဝေးကျင်းပရခြင်း၏ ပင်မရည်ရွယ်ချက်တစ်ရပ်သည် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက် မရသေးသည့် အချက်များကို ခေါင်းဆောင်များ၏ နိုင်ငံရေး သဘောတူညီချက်များဖြင့် ဖြေရှင်းရန်ဖြစ်ပါသည်။ ဤပင်မ ရည်ရွယ်ချက်နှင့်အညီ အဆုံးအဖြတ်ပေးနိုင်သော ခေါင်းဆောင်တို့အကြား တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့မှုကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံ (၃) ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့်အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို သဘောတူညီ ခဲ့ကြပါသည်။ ဤကဲ့သို့အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ သဘောတူညီခဲ့ကြခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ချလိုက်ခြင်းဖြစ်၍ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် မင်္ဂလာသတင်းကောင်း တစ်ရပ်ဖြစ်ပါသည်။

 

နှစ်ပေါင်း(၇၀)ကျော် တာရှည်ခဲ့သော လက်နက်ကိုင်ပဋိပက္ခကို ရပ်စဲစေမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အလွယ်တကူ သဘောတူညီချက် မရနိုင်သည့် ကိစ္စရပ်များရှိနေသည်မှာ ပကတိ အရှိတရားဖြစ်ပါသည်။ ဤသီးသန့်အစည်းအဝေးက သဘောတူညီမှုရရန် လိုအပ်နေသည့်ကိစ္စရပ်များကို မည်သို့မည်ပုံဖြေရှင်းကျော်လွှားမည်ကို သဘောတူညီခဲ့ခြင်းသည် ငြိမ်းချမ်းရေးအတွက် အားမာန်ပါသော ခြေလှမ်းတစ်လှမ်း ဖြစ်ပါသည်။ တစ်ဖန် လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူ အောင်ဆောင်ရွက်ရေးအတွက် ဤသီးသန့်အစည်းအဝေးက သဘောတူညီခဲ့ခြင်းသည် ပြီးပြည့်စုံသောအားမာန်ကို ဖြစ်ပေါ်စေပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း(၅) နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း အပုဒ် ၂၀ (ဂ)ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဤသီးသန့်အစည်းအဝေးက တစ်ခုတည်းသော တပ်မတော်နှင့် လူမျိုးပေါင်းစုံပါဝင်သော တပ်မတော်ဖွဲ့စည်းရေးအား ဆွေးနွေးညှိနှိုင်းရန် သဘောတူညီခဲ့ကြပါသည်။ ဤကဲ့သို့ သဘောတူညီခဲ့ခြင်းသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ကို ထပ်မံပုံဖော် တည်ဆောက်လိုက်ခြင်း ဖြစ်ပါသည်။ အထက်၌ တင်ပြထားသည့် သဘောတူညီချက်တို့ကို ဤသီးသန့်အစည်း အဝေး၏ သဘောတူထုတ်ပြန်ကြေညာချက်၌ ရေးသားဖော်ပြထားပါသည်။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး၏ သဘောတူ ထုတ်ပြန်ကြေညာချက်သည် မင်္ဂလာ သတင်းကောင်းတို့ကို ထင်ဟပ်နေသည်ဖြစ်၍ လေးနက်စွာဂုဏ်ပြု ကြိုဆိုပါကြောင်း တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း