မင်္ဂလာကာလသစ်သို့ သန္နိဋ္ဌာန်ပြုလျှောက်လှမ်း

၂၈  ဧပြီ

မည်သူမျှ မွန်းကျပ်မှုကို မလိုလား။ လွတ်လပ်ပေါ့ပါးမှုဖြင့်သာ ရှင်သန်လိုကြသည်။ သို့သော် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ဖြစ်ပေါ်လာသော အခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်သည့် အစီအမံများနှင့် ပြည်သူအားလုံး ရှောင်လွှဲ၍မရ မလွဲမသွေ ကြုံတွေ့ကြရပါသည်။ ရောဂါဘေးကို အသိစိတ်ဓာတ်ဖြင့်ဆောင်ရွက်ခဲ့ရာ မှ မတ် ၁၃ ရက်တွင် ပြည်သူများသို့ပန်ကြားချက်အရ လူစုလူဝေးဖြင့် ပြုလုပ်ကျင်းပသော ကိစ္စများကို ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်ခွင့်မရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။ ။

ပြည်သူများ ရောဂါကူးစက်မှုဘေးမှ ကင်းဝေးစေရေးအတွက် ရောဂါ ကူးစက်လွယ်သော လူစုလူဝေးစုဝေးမှုကို ရှောင်ရှားနိုင်ရန် အချိန်အတိုင်း အတာတစ်ခုတွင် ပြည်သူများအား အသိပေးပန်ကြားခြင်း ဖြစ်သည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ လူစုလူဝေးဖြင့်ကျင်းပသော ပွဲလမ်းသဘင် အခမ်းအနားများအား တားမြစ်ခဲ့ခြင်းသာဖြစ်ပြီး ရောဂါပိုးစတင်တွေ့ရှိသော မတ်လ ၂၃ ရက်နေ့မှ နောက်ပိုင်း မတ်လကုန် ဝန်းကျင်ခန့်ရောက်မှသာ စည်းကမ်းသတ်မှတ်ချက်များ၊ ဒေသန္တရအမိန့်များနှင့် ကြုံတွေ့ရခြင်း၊ ဖြစ်သည်။

နှစ်သစ်ကူးပြောင်းသည့် မဟာသင်္ကြန်ကာလမှာ အများပြည်သူ ပိတ်ရက်များဖြစ်ပြီး ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုနှင့်ပတ်သက်၍ အရေးကြီးသော ကာလဖြစ်သည်။ Stay at Home မိမိနေအိမ်တွင်သာ နေထိုင်ကြရန် အသိပေးပန်ကြားတိုက်တွန်းခဲ့မှုများအပေါ် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ များအားလုံး လိုက်နာဆောင်ရွက်ခဲ့ကြ၍ အကျိုးရှိထိရောက်မှုကိုဖြစ်စေ ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက် ပြန့်ပွားမှုအန္တရာယ်မှမြန်မာပြည်သူပြည်သားများအား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ထိရောက်သောအစီအမံများကို ဆက်လက်ချမှတ်နိုင်ရန် ယာယီကန့်သတ်မှုအစီအမံများကိုမေလ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးထားသည်။

အဆိုပါအစီအမံသည် ယာယီကန့်သတ်မှုအစီအမံဖြစ်သော်လည်း ပြည်သူအားလုံးအနေဖြင့် ရောဂါဘေးမှ ကင်းဝေးစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ကမ္ဘာလုံးရင်ဆိုင် ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက်ရောဂါအန္တရာယ်မှာ ဇန်နဝါရီလမှ စတင်၍ အချိန်ကာလလေးလခန့်ရှိပြီဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရောဂါကူးစက်မှုနှင့် ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်းသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် ထိတွေ့ခဲ့သည်မှာ တစ်လဝန်းကျင်မျှသာရှိသည်။ ။

ပြည်သူအများစုမှာ အခြေခံပြည်သူများသာဖြစ်ရာ Stay at Home နေထိုင်ခြင်းနှင့် ကန့်သတ်မှုအစီအစဉ်များကို ရင်ဆိုင်ရခြင်းကြောင့် ခက်ခဲပင်ပန်းခါးစည်းခံကြရမည်ကို နားလည်စာနာ ခံစားမိပါသည်။ ကျွန်ုပ်တို့ပြည်သူ အများစု၏ တစ်လတာဆင်းရဲဒုက္ခရောက်ကြရမှုများသည် ပြည်သူအားလုံး တစ်ဘဝတာ ဘေးရောဂါ ကင်းဝေးစေနိုင်မည်ဖြစ်၍ တိုတောင်းသောကာလတစ်ခုတွင် ဇွဲစိတ်သန်သန်သည်းခံ စောင့်စည်းကြစေ လိုပါသည်။

ကျွန်ုပ်တို့အားလုံးသည် ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှစ၍ ရောင်နီသာသည့် နေ့သစ်တစ်ခုသို့ ရောက်တော့မည်ဟု မှတ်ယူသန္နိဋ္ဌာန်ပြုကာ လာမည့်ရက်သတ္တပတ်နှစ်ပတ်တာကာလအတွင်း ကပ်ဘေးရောဂါ အန္တရာယ်အပေါင်းမှ ကင်းဝေးရေးအတွက် အားတင်းကြံ့ကြံ့ ခံကာ ဆက်လက်ရုန်းကန်ရင်ဆိုင်ဖြတ်သန်းကြရန် တိုက်တွန်းလိုပါသည်။ မလိုအပ်ဘဲ အိမ်ပြင်မထွက် stay at Home နေထိုင်ခြင်း၊ သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များအား တိကျစွာလိုက်နာခြင်း၊ ငါးဦးထက်ပိုသော လူစုလူဝေးများကို ရှောင်ရှားခြင်း၊ လိုအပ်၍အပြင်ထွက်လျှင် သတ်မှတ်ချက်နှင့်အညီ နှာခေါင်း၊ ပါးစပ်အအုပ် အစည်းတပ်ခြင်း၊ ဝင်ပြီးထွက်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းတို့ကို မဖြစ်မနေပြုလုပ်ခြင်းဖြင့် ဆက်လက်ကျော်ဖြတ် ကြရမည် ဖြစ်သည်။

မကြာမီရောက်ရှိလာမည့် မင်္ဂလာရှိသော မိုးသောက်ရောင်ခြည် ကာလသစ်ဆီသို့ စိတ်လက်ကြည်သာ လန်းဖြာစွာဖြင့် ရောက်ရှိနိုင်ရေးအတွက် မကြာမတင်ကာလများတွင် ဘေးရောဂါအန္တရာယ်ကင်းဝေးစေရေးကို ရည်ရွယ်၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ သတ်မှတ်ထားသည့် ကန့်သတ်မှုများကို အားတင်းခံကာ တိကျစွာလိုက်နာဆောင်ရွက်ရင်း သန္နိဋ္ဌာန်ဆန္ဒပြုသောကာလသစ်ဆီသို့ မဖြစ်မနေ မရောက်ရောက်အောင် လျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ