မင်္ဂလာဆောင်သို့အသွား ကူးတို့လှေ တိမ်းမှောက်မှုဖြစ်ပြီးပွား ၅ ဦးပျောက်ဆုံးနေ

မြောင်းမြ ၇ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေငန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၌ မင်္ဂလာဆောင်သို့အသွား ကူးတို့လှေဖြင့် မြို့ဟောင်းချောင်းကိုဖြတ်ကူးစဉ် ကူးတို့လှေတိမ်းမှောက်၍  (၅)ဦးပျောက်ဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြောင်းမြမြို့နယ်၊ ရေငန်းကျေးရွာ၊ ဘုရားကြီးကုန်းဆိပ်ကမ်းမှ အလျား(၂၁)ပေခန့်ရှိ မန်းသာအေး မောင်းနှင်သော မြင်းကောင်ရေ (၇)ကောင်ခွဲရှိ ဟွန်ဒါစက်တပ် ကူးတို့လှေဖြင့် ကြွက်နွယ်ချောင်းကျေးရွာရှိ မင်္ဂလာဆောင်သို့အသွား လိုက်ပါစီးနင်းသူ (၂၈)ဦးတို့ မြို့ဟောင်းချောင်းကို ဖြတ်ကူးမောင်းနှင်စဉ် ကူးတို့လှေနစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါ နစ်မြုပ်မှုကြောင့် ကူးတို့စီးခရီးသည် (၅)ဦး ပျောက်ဆုံးလျက်ရှိပြီး အခင်းဖြစ်နေရာသို့ မြောင်းမြမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဌေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသားများက မြို့ဟောင်းချောင်းတစ်လျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)