မင်းဘူးမြို့တွင် ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လုံခြုံစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ၊ အီလက်ထရောနစ် ပစ္စည်းဆိုင်များ၊ အလှကုန်ပစ္စည်း စတိုးဆိုင်များ၊ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် စိုက်ပျိုးရေးဆေးဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မင်းဘူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ပြန်/ဆက်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သက်တမ်းလွန်မုန့်များ ရှိ/ မရှိ စစ်ဆေးခြင်း၊ မှိုတက်နေသည့် မုန့်များ ရှိ/ မရှိ စစ်ဆေးခြင်း၊ စံချိန်စံညွှန်း အရည်အသွေးမီ ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် ပါဝင်ရမည့် အချက်များကို ရှင်းလင်းပြောကြားခြင်း၊ ကုန်ပစ္စည်းများ၏ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး စတစ်ကာများ ကပ်ခဲ့ကြောင်း သိရသည်။

 

 

"မြို့မဈေးအနီးရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များ၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များ၊ အီလက်ထရောနစ်ဆိုင်များကို သွားရောက်ပြီး အသိပညာပေးခြင်း၊ စတစ်ကာကပ်ခြင်းများ ဆောင်ရွက်ပြီးတော့ သက်တမ်းလွန်မုန့်များ စစ်ဆေးတွေ့ရှိပါက တစ်ပါတည်း သိမ်းဆည်းခဲ့ပါတယ်" ဟု  မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါ်စုစုထွန်းမှ ပြောသည်။

 

 

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် သက်တမ်းလွန်နေသည့် Pucci အမှတ်တံဆိပ်ပါ ကိတ်၊ သစ်သီးယိုစုံ၊ အာရှအချိုရည်၊ ရွှေခဲအမှတ်တံဆိပ်ပါ ရှောက်သံပုရာရည်နှင့် မှိုတက်နေသည့် ရွှေကံကောင်း အမှတ်တံဆိပ်ပါ ကိတ်မုန့်များ၊ စုစုပေါင်း ပစ္စည်း(၅) မျိုးကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ 

 

 

မျိုးမြတ်(မင်းဘူး)