မင်းဘူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quaranatine ၂၁ ရက် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

မင်းဘူး ၂၉  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quaranatine ၂၁ ရက် စောင့်ကြည့်နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

“ထိုင်းနိုင်ငံနဲ့ ပြည်ပနယ်စပ်ဂိတ်များမှ မေလဆန်းပိုင်းမှာ  ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများကို မင်းဘူးမြို့ အထက(၁)ကျောင်းမှာ ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာ ချထားရေးပြုလုပ်ဖို့အတွက် သက်ဆိုင်ရာ ကော်မတီဝင်များအားလုံးက ကြိုတင်ပြင်ဆင်ရေးအပိုင်းအနေနဲ့ ကျန်းမာရေး၊ တည်းခိုနေထိုင် စားသောက်ရေးနှင့် အခြားလိုအပ်သည့်ကိစ္စများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားမှာပါ၊ နောက်ပြီး သန့်ရှင်းရေးပိုင်း ဆောင်ရွက်မှုအနေနဲ့ နေရပ်ပြန်များထားရှိမယ့် အဆောင်တွေမှာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခင်းကအစ လျော်ဖွတ်သန့်စင် နေလှန်းတာတွေပြုလုပ်ပြီး အခန်းတိုင်း ရေဆေးသန့်ရှင်းရေး ပြုလုပ်တာတွေနဲ့ အသိပညာပေး နံရံကပ်ပိုစတာများ တပ်ဆင်ဆောင်ရွက်မှုအားလုံးကို ကော်မတီအဖွဲ့ဝင်တွေနဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်”ဟု Facility Quaranatine စောင့်ကြည့်နေရာချထားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မင်းဘူးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက ပြောသည်။ 

 

အဆိုပါဆောင်ရွက်မှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက် ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)