မင်းဘူးမြို့တွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိ

မင်းဘူး ဇွန် ၃၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ဇွန် ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ အမျိုးသားတစ်ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းမင်းသန့်က ပြောသည်။

 

ပိုးတွေ့အတည်ပြုလူနာသည် မင်းဘူးမြို့ အမှတ်(၄) အေးမြသာယာရပ်နေသူ အသက်(၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အနံ့မရသဖြင့် ဇွန် ၂၉ ရက် မွန်းတည့် ၁၂ နာရီက မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကိုယ်တိုင်သွားရောက် သတင်းပို့ကာ RDT Test Kits ဖြင့် Swab ယူ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ပိုးတွေ့အတည်ပြုလူနာအမျိုးသားကို ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသပေးထားပြီး ပိုးတွေ့အတည်ပြုလူနာနှင့် ထိစပ်သူ အတူနေ မိသားစုဝင် (၃)ဦးကို ၎င်းတို့နေအိမ်တွင်  Home Quarantine (၁၀)ရက် အသွားအလာ ကန့်သတ်ထားကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)