မင်းဘူးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း အခမဲ့ဖွင့်

မင်းဘူး   ၂  မတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကြာကန်ကျေးရွာတွင်  ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းအား ကျေးရွာအရောက် အခမဲ့ ဖွင့်လှစ်ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

"သင်တန်းသူများအား အနီးကပ်ကြီးကြပ်ပြီး စက်ကိုင်တွယ် အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်း၊ အခြေခံချုပ်ရိုးကြောင်းများ ချုပ်ခြင်း၊ အမျိုးသမီးဝတ် ရင်စေ့အင်္ကျီ၊ ကလေးဝတ် ဘောင်းဘီအမျိုးမျိုးနှင့် စကပ်အမျိုးမျိုးချုပ်ခြင်း စတဲ့ ဘာသာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပါတယ်" ဟု စက်ချုပ်နည်းပြ ဆရာမတစ်ဦးက ပြောသည်။

 

"ဒီသင်တန်းသူတွေကတော့ ကြာကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာက သင်တန်းသူ အယောက် ၃၀ ဖြစ်ပါတယ်။ ကျေးရွာက သင်တန်းသူစာရင်းကောက်ယူပြီး ကျွန်တော်တို့ဌာနကို တောင်းဆိုစာရင်း ပေးကြပါတယ်။ ကျွန်တော်တို့ မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  မတ် ၂ ရက်မှ မတ် ၃၀ ရက်နေ့အထိ သင်တန်းနည်းပြ ဆရာမနှစ်ဦးဖြင့် အချိန်ပြည့် စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါတယ်ဟု မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း က ပြောသည်။

 

သင်တန်းသူများအနေဖြင့် အဆိုပါသင်တန်း ပြီးဆုံးသွားပါက အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေတိုးပွားရေးလုပ်ငန်းတွေ ရရှိလာကာ ပုံမှန်ဝင်ငွေ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်(မင်းဘူး)