မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်သိမ်းယာဉ်(၅)စီး လုပ်သားအင်အား ၁၉ ဦးဖြင့် နေ့စဉ် အမှိုက်သိမ်းဆည်းလုပ်ငန်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 
 
 
မင်းဘူးမြို့တွင် ယခင်က အမှိုက်သိမ်းယာဉ် လေးစီးသာရှိပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ လှူဒါန်းပေးသည့် အမှိုက်သိမ်းယာဉ်တစ်စီး ၊ စုစုပေါင်း ငါးစီး အသုံးပြု၍ သန့်ရှင်းရေးလုပ်သား ၁၉ ဦး စုပေါင်းအဖွဲ့က အမှိုက် များ လိုက်လံသိမ်းဆည်းပေးသည့်အပြင် အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ ခေါင်းလောင်းတီးစနစ်ဖြင့် အမှိုက်သိမ်းချိန်များကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ အမှိုက်များ စွန့်ပစ်ရာတွင် အဆင်ပြေ လျက်ရှိနေကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ  ဦးဝင်းနိုင်က ပြောပြသည်။ 
“ ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန် အတွက် သန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေပါတယ်။ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ မှာလည်း အမှိုက်သိမ်းယာဉ်(၅)စီး အသုံးပြုပြီး လုပ်သားအင်အား ၁၉ ဦးအဖွဲ့က အသံချဲ့စက်ဖြင့် ကြေညာခြင်း ၊ ခေါင်းလောင်းတီးစနစ်ဖြင့် ပြည်သူများကို အသိပေး သိမ်းဆည်းခြင်းများကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူများ အမှိုက်များ စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့်များ ဖြစ်လာစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ နှင့် ဆွေးနွေးပွဲများကိုလည်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် မြို့သာယာလှပရေးအတွက် စည်ပင် သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် နှစ်စဉ်လျာထားသတ်မှတ်၍ မြို့တွင်း၊ မြို့ပြင် စိမ်းလန်းစိုပြည်လှပရေး ပန်းအလှပင်များနှင့် အရိပ်ရပင်များ ဝယ်ယူပြီး စိုက်ပျိုးခြင်းများ၊ ပလက်ဖောင်းများ သစ်လွန်တောက်ပနေစေရန် ဆေးသုတ်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။ 
 
 
ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မင်းဘူး(စကု)မြို့အား တစ်နှစ် ထက်တစ်နှစ် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းလှပရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။ 
 
 
ရဲဝင်းနိုင် (ညောင်ဦး)