မင်းဘူး ၆ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီနေပြီဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးမင်းဘူးခရိုင်အတွင်း သောက်သုံးရေရရှိရေးအတွက် မင်းဘူးမြို့နယ်တွင် စိုင်ရှင်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ပိုက်သင် ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် လေးပင်ကျေးရွာတို့တွင်လည်းကောင်း၊ ပွင့်ဖြူမြို့နယ်တွင် ကံရွာကျေးရွာ၊ စလင်းမြို့နယ်တွင် တမာချောင်ကျေးရွာ၊ မင်းလျင်ကျေးရွာ၊ အိုးထိန်းကျေးရွာ၊ ရေလဲကျေးရွာ၊ ကုက္ကိုကျင်းကျေးရွာနှင့် အရှေ့ကုန်းကျေးရွာတို့တွင်လည်းကောင်း၊ ငဖဲမြို့နယ်တွင် ဆားပေါက်ကျေးရွာ၊ ပဘွေးကျေးရွာ၊ မကန်းကျေးရွာ၊ ဝန်ကျေးရွာနှင့် ကျောက်ဆုံကျေးရွာတို့တွင်လည်းကောင်း၊ စေတုတ္တရာမြို့နယ်တွင် ကံဇင်းကျေးရွာ၊ နဘဲတုန်းကျေးရွာ၊ စင်းချောင်းကျေးရွာနှင့် နတ်ကြီးကျေးရွာတို့တွင်လည်းကောင်း စုစုပေါင်း ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ ရေရရှိလုပ်ငန်းများဆောင်ရွက်ရာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၁၂ ခု၊ လက်တူးတွင်းကျယ် တူးဖော်ခြင်းလုပ်ငန်း ၂ ခု၊ စိမ့်စမ်းသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၆ ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၁ ခု တို့အား ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ယင်းကျေးရွာ ၂၁ ရွာရှိ အိမ်ခြေ ၂၂၇၆၊ လူဦးရေ ၁၀၃၀၀ ဦး နွေရာသီကာလ ရေရှားပါးမှုမှကင်းဝေး၍ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
သူရိန်(မင်းဘူး)


