မင်းဘူး(စကု)မြို့နယ်တွင် Road Traffic Drill Exercise နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်မှု လေ့ကျင့်ခန်း သရုပ်ပြလေ့ကျင့်

မင်းဘူး   ၂၉   ဇူလိုင်          

       

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် Road Traffic Drill Exercise နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်မှုလေ့ကျင့်ခန်း သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက မင်းဘူးမြို့ မန်းရေနံမြေဝန်းအတွင်းရှိ သံကန်တန်း(၅)အနီး၊ G.20 လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မန်းရေနံမြေ၊ MPRL E&P Pte.Ltd နှင့် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူး) တို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှုအန္တရာယ်များနှင့် ကြုံတွေ့ လာပါ က အရေးပေါ်အသက်ကယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ကားနှင့်ဆိုင်ကယ်တိုက်မှုပုံစံဖြင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိမိတို့မန်းရေနံမြေဝင်းအတွင်း စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ရသည့်အတွက် ရေနံမြေအတွင်း ဖြစ်ပွားခဲ့ပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်စေရန်အတွက် လူနာတင်ယာဉ်တစ်စီးကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မန်းရေနံမြေမှ CSR ရန်ပုံငွေဖြင့် မန်းရေနံမြေပရဟိတ လူမှုကူညီရေးအသင်းသို့ ဝယ်ယူပေးထားကြောင်း ဒုတိယထွေထွေမန်နေဂျာ ဦးဇော်မောင်မောင်ထံမှ သိရသည်။

 

အဆိုပါသရုပ်ပြလေ့ကျင့်ရာသို့ မန်းရေနံမြေမှ ဒုတိယထွေထွေမန်နေဂျာ ဦးဇော်မောင်မောင်၊ မန်းရေနံမြေမှ ဌာနမှူးများနှင့် ဝန်ထမ်းများ၊ မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်နေလင်းနှင့် တပ်ဖွဲ့ဝင်များ၊ MPRL E&P Pte.Ltd မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)