မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းများ စိုက်ပျိုးပြီး ဈေးကောင်းရသော်လည်း အထွက်နှုန်းမကောင်း၍ စိတ်ညစ်နေရ

မင်းဘူး  ၅  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းပင်များ စိုက်ပျိုးထားကြရာ ဈေးကောင်းသော်လည်း အထွက်နှုန်း မကောင်းသောကြောင့် စိတ်ညစ်နေရသည်ဟု ရွာသာကျေးရွာ ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းထံမှ သိရသည်။

 

ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်။ နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ် ရေလုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များ ကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျှော့ကျ သွားနိုင်သောကြောင့် ဖြစ်သည်။

 

ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ရင့်စပြုပြီး ရက်ပေါင်း ၆၀ အတွင်းခုတ်၍ ရောင်းချနိုင်သည်။ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် ၁၅၀၊ လက်ကားဈေး တစ်ဖူးလျှင်ကျပ် ၁၁၅/၁၂၀ ပေါက်နေသည်။ ပြေင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားသော်လည်း စိုက်ပျိုးပြီး ပန်းများပွင့်ချိန်တွင် မိုးကမရွာဘဲ အပူချိန်များနေပြီး မြေကြီးအစိုဓာတ် နည်းနေသဖြင့် ပြောင်းဖူးများ အထွက်နှုန်း နည်းနေခြင်းဖြစ်ကြောင်း၊ မိမိနည်းတူ အခြားတောင်သူများလည်း အောက်တိုဘာလက မိုးမရွာ၍ မိုးသီးနှံစိုက်ခင်းများ စိုက်ခင်းပျက်သူပျက် သီးနှံများ အထွက်နှုန်း နည်းသူနည်း ဖြစ်ကြကြောင်း ရွာသာကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းက ပြောသည်။

ဇေယျာထက် (မင်းဘူး)