မင်းဘူး-ပွင့်ဖြူသွားကားလမ်းတွင် HIJET ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မှုဖြစ်ပွား

ပွင့်ဖြူ ၂၆ မေ     

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မင်းဘူး-ပွင့်ဖြူ သွားကားလမ်းတွင် မေ ၂၆ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်က  HIJET  ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲစခန်းမှ သိရသည်။

 

ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်က ပွင့်ဖြူ မြို့နယ် မင်းဘူး-ပွင့်ဖြူ သွားကားလမ်းပေါ်တွင် ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာမှ သွားရောက်စုံစမ်းစစ်ဆေးရာ မင်းဘူး- ပွင့်ဖြူ သွားလမ်း မိုင်တိုင်အမှတ် ၁၈ မိုင် ၃ ဖာလုံနှင့် ၄  ဖာလုံ အကြား ယာဉ်မောင်း သိန်းထွန်းဦး မောင်နှင်သည့် အဖြူရောင်ယာဉ်သည် အရှေ့မှ အနောက်သို့ မောင်းနှင်လာရာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏တောင်ဘက် လမ်းဘေးသခွပ်ပင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်၏ရှေ့ခန်းတွင် လိုက်ပါ လာသူ ဒေါ်စိန်မြိုင် တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ယာဉ်မောင်း သိန်းထွန်းဦး တွင် ဒဏ်ရာများ ရရှိကာ ပွင့်ဖြူ မြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသနိုင်ရန် ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ယာဉ်တိုက်မှုနှင့် ပတ်သတ်၍  မောင်းနှင်သူ ယာဉ်မောင်း သိန်းထွန်းဦး အား လယ်ကိုင်းနယ်မြေ   ရဲစခန်းမှ  အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)