မန်စီးတီးနှင့် လက်စတာ၊ ဗီလာနှင့်ချယ်ဆီး၊ နော့ဝှစ်ချ်နှင့်အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပရီမီယာလိဂ် ပွဲစဉ်(၁၉)

ဒီဇင်ဘာ  ၂၅

ပွဲစဉ် (၁၈) အပြီးမှာ အမှတ်ပေးဇယားကို သုံးမှတ်အသာနဲ့ ဦးဆောင်ထားတဲ့ မန်စီးတီးအသင်းအနေနဲ့ ယခုပွဲစဉ်မှာ ကစားရခက်ခဲတဲ့ လက်စတာအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့် အခက်တွေ့နိုင်ပါတယ်။ လက်စတာအနေနဲ့ ကြားရက်မှာ ကာရာဘောင်ဖလားပြိုင်ပွဲ ကစားထားရတာကြောင့် ပွဲပန်းနေနိုင်ပါတယ်။

ဒါပေမယ့်လည်း ကာရာဘောင်ဖလား ပြိုင်ပွဲမှာ လီဗာပူးကို ပယ်နယ်တီအဆုံး အဖြတ်နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာကြောင့် ယခုပွဲစဉ်ကို အားစိုက်ကစားလာမှာပါ။ မန်စီးတီးအသင်းကလည်း ဒုတိယနေရာမှ လီဗာပူးအသင်းကို အမှတ်ဆက်လက်ဖြတ်ထားနိုင်ဖို့ ယခုပွဲစဉ်ကို အနိုင်ရရှိရေးကို ဦးတည်လာမှာပါ။ လက်စတာအသင်းအနေနဲ့ တိုက်စစ်ပိုင်းက ဗာဒီဂိုးသွင်းပြန်ရတယ်ဆိုပေမယ့် ခံစစ်က နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ သွင်းဂိုးတွေ့ခွင့်ပြုပေးထားရတာ ကိုသတိပြုရမယ်။ မည်သို့ပင်ဆိုစေ တိုက်စစ်ထက်မြက်ပြီး ခံစစ်တည်ငြိမ်တဲ့ မန်စီးတီးကို လက်စတာတို့ အနိုင်ရဖို့ မလွယ်ပါဘူး။

ဂျရတ်ဦးဆောင်တဲ့ ဗီလာအသင်းက ပုံစံကောင်းရရှိနေပါတယ်။ ပြိုင်ဘက်ချယ်ဆီးက ပရီမီယာလိဂ် နှစ်ပွဲဆက် သရေကျထားတာကြောင့် ယခုပွဲစဉ်ကို အနိုင်ရရှိရေး အသေအချာပြင်ဆင်လာမှာပါ။ ဦးဆောင်သူ မန်စီးတီးအသင်းနဲ့ ရမှတ်ကွာဟမှု လျှော့ချဖို့ကြိုးစားလာမယ့် ချယ်ဆီးအသင်းကို ဗီလာပတ်ခ်မှာ ဗီလာအသင်း ဟန့်တားသွားနိုင်မလား စိတ်ဝင်စား ဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၁၇ ပွဲကစားပြီး ၁၀ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ နော့ဝှစ်ချ်အသင်းအနေနဲ့ ယခုပွဲစဉ်မှာ အနိုင်ရရှိရေး ခြေကုန်ထုတ်လာမှာပါ။ အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက် ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ထား နိုင်တာကြောင့် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းမှာ အားရစရာကောင်းပါတယ်။ တန်းဆင်းဇုန်မှ လွတ်မြောက်ဖို့ နော့ဝှစ်ခ်ျတို့ အာဆင်နယ်ကို အနိုင်ယူနိုင်မလား။

မိုးဇက်