မံစီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးဧကများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်

မံစီ    ၁၅  ဇူလိုင်     

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌  ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးဧကများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် ဟန်ထက်ကျေးရွာအုပ်စုနှင့် ကုန်းတိန် ကျေးရွာအုပ်စုမှ တောင်သူများကို ပေးအပ်ခြင်းဖြစ်ပြီး စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် စုစုပေါင်းတောင်သူ ၉၉ ဦး၏ စိုက်ပျိုးမြေ ၃၉၁ ဧကအတွက် ထောက်ပံ့ငွေကျပ် ၃၉၁၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ရိန် (ပြန်/ဆက်)