မံစီ၊ သီပေါ၊ မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်များ ဖမ်းဆီးရမိ 

နေပြည်တော်  ၂၀  ဇွန် 
    

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် မံစီမြို့နယ်၊ မံရံကျေးရွာအနီး၊ မံသာကျေးရွာ-မံရံကျေးရွာသွားလမ်းတွင် နိုင်ဦး  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀ဝ  သိမ်းဆည်းရမိခဲ့သည်။
    

အလားတူ ယင်းနေ့ ည ၉ နာရီက တပ်မတော်မှ သီပေါမြို့နယ်၊ ကျင်သီကျေးရွာနေ စိုင်းတင်အေး၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၅၀ဝ ၊ တူမီးသေနတ် တစ်လက်၊ ဒီတိုနီတာ ၃ ချောင်းနှင့် ယမ်းအုံ ၂ ခု တို့ကို သိမ်းဆည်းနေစဉ် နေအိမ်သို့ WISH အမျိုးအစားမော်တော်ယာဉ်ဖြင့် စိုင်းကျော်မိန်း နှင့်စိုင်းအိုက်ဝင်း တို့ရောက်ရှိလာ၍ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ထပ်မံသိမ်းဆည်းရမိခဲ့သည်။


ထို့အတူ ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ မယ်ကြုပ် ကျေးရွာအနီးရှိ လယ်စောင့်တဲကိုရှာဖွေရာ တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၁၇၇ ပြား၊ စိတ်ကြွရူးသွပ်ဆေး အမှုန့် ၉ ဂရမ်၊ ကျည်မျိုးစုံ ၈ တောင့်တို့ကိုလည်းကောင်း၊ ဇွန် ၁၅ ရက်နေ့တွင် မိုင်းတွမ်း(တောင်ပေါ်) ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာနေ ကျရှဲ၏နေအိမ်ကိုရှာဖွေရာ လူမရှိဘဲနေအိမ်မှ အက်ဖီဒရင်းဆေးမှုန့်  ၄ ကီလို၊ ကျည်မျိုးစုံ ၉၉ တောင့်နှင့် ကျောက်ရိုင်းတုံး ၄ ဒသမ ၂ ကီလို၊  ပူနားကိုကျေးရွာနေ မနားအယ်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀ဝ ၊ ဘိန်းမဲ ၂ ဒသမ ၄ ကီလို၊ Stoger Model 2000 စာတန်းပါကိုယ်ထည်တစ်ခုနှင့် သေနတ်ပြောင်းတစ်ခုတို့ကို လည်းကောင်း၊ မယ်ကြုပ်(၁)ကျေးရွာ-မယ်ကြုပ်(၂)ကျေးရွာသွား ကားလမ်းဘေးမှ ကဖင်း ၁၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးအမှုန့် ၃၂ ဒသမ ၅ ကီလို၊ မယ်ကြုပ်(၁)ကျေးရွာနေ သက်ဦး၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ မယ်ကြုပ်(၃)ကျေးရွာနေ ရသ၏နေအိမ်ကို ရှာဖွေရာ လူမရှိဘဲနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၅၀ဝ ကိုလည်းကောင်း၊ ဆက်လက်၍ ဇွန် ၁၇ ရက် တွင် ပူနားကိုကျေးရွာအနီးရှိ လူမနေသည့် တောင်ယာတဲအား ရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၁၀,ဝ၀ဝ ကိုလည်းကောင်း၊ မယ်ကြုပ်ကျေးရွာ(၁)နေ ပါလိုး၏နေအိမ်ကို  ရှာဖွေရာ လူမရှိဘဲ နေအိမ်မှ ဘိန်းဖြူ ၅ ဒသမ ၂၃၂ ကီလို တို့ကိုလည်းကောင်း၊ မယ်ကြုပ်(၁) ကျေးရွာမှမယ်ကြုပ်(၂)ကျေးရွာသို့သွားသည့်လမ်းဘေးရှိ အမှိုက်ပုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,ဝ၀ဝ ၊ စိတ်ကြွရူးသွပ်ဆေးပြား(အကြေ)၂၀၈ဂရမ်နှင့်ဆက်စပ်ပစ္စည်းကိရိယာများကိုလည်းကောင်း၊ ပူနားကိုကျေးရွာအနီး၊ တောင်ကုန်းပေါ်ရှိ နေအိမ်ခြံဝင်းအတွင်းမှ ကဖင်း ၆၆ ကီလို ၊ ဆိုဒီယမ်ဟိုက်ဒြောဆိုဒ် ၂၅၂ ကီလို၊ အီသိုင်းအီသာ ၆ လီတာ၊ ဟိုက်ဒရိုကလိုရစ် ၄၀ လီတာ၊ မဖောက်ထုံး ၂၂၀ ကီလိုနှင့် ဆက်စပ်ပစ္စည်းကိရိယာများကိုလည်းကောင်း၊ အလားတူ ဇွန် ၁၈ ရက်တွင် အားဝေါဘုရား ကျေးရွာအနီးရှိ လျှိုအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၂,ဝ၀ဝ ၊ ဘိန်းဖြူ ၄၀ ဂရမ်၊ Vanillin အနံ့မှုန့် ၃ ဒသမ ၅ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


(ကိုရဲ)