မွန်စာပေ ယဉ်ကျေးမှုအကနှင့် မွန်စကားပြောသင်တန်းဆင်းပွဲကျင်းပ

ကျိုက်ထို ၇  ဧပြီ

 

ကျိုက်ထိုမြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် မွန်စာပေမွန်ယဉ်ကျေးမှုအကနှင့် မွန်စကား ပြောသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့ ရှမ်းစုရပ်ကွက်အခြေခံပညာ မူလ တန်းလွန်ကျောင်း(ဘူတာ)၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နိုင်ငံတော်အလံနှင့်မွန်အမျိုးသားအလံ ကိုအလေးပြုပြီး မွန်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ (ဗဟို)မှ သင်တန်းနည်းပြဆရာဆရာမများက မွန်အမျိုးသားနေ့သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ သည်။

 

 

 ဆက်လက်၍ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နာယက နိုင်အောင်ကြိုင်က သင်တန်းနည်းပြ ဆရာ ဆရာမများ အားလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ဥက္ကဋ္ဌ နိုင်အောင်ဆန်းနှင့် တာဝန်ရှိသူများက သင်တန်းသူသင်တန်းများအား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရပစ္စည်းများပေးအပ်၍ သင်တန်းသူ သင်တန်းသားများကမွန်ယဉ်ကျေးမှုရိုးရာအကများဖြင့်သီဆိုကပြဖျော်ဖြေခဲ့သည်။

 

အဆိုပါသင်တန်းသည် (၅) ကြိမ်မြောက်ဖြစ်ပြီး ဆရာဆရာမ ၅ ဦး က သင်တန်းသူသင်တန်းသား (၁၅၀) ကို တစ်လကြာသင်ကြားပို့ချခဲ့ကြောင်းသိရသည်။

 

 

ဝင်းမောင်(ကျိုက်ထို)