မြန်အောင် ၊ ၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်း၌ မြေတိုင်းတာခြင်းနှင့်မြေစာရင်း သင်တန်းအမှတ်စဉ် (တိုင်းဒေသကြီး /ပြည်နယ်-၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းတာဝန်ရှိသူများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်းသားများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသားများအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများကို ပေးအပ်ရာသင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းသို့ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီး ဌာနတို့တွင် တာဝန်ထမ်းဆောင်ကြမည့် မြေတိုင်း-၅ ဝန်ထမ်း ၂၃ ဦး တက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းမှာ လုပ်ငန်းခွင်ဝင်ရောက်ကြမည့် မြေတိုင်း-၅ ဝန်ထမ်းတိုင်း ရန်ကုန်မြို့ တိုက်ကြီးရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် တက်ရောက်ရသည့် သင်တန်းဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေ့သည့် ကာလဖြစ်သဖြင့် အဆိုပါသင်တန်းမှ သင်ကြားပို့ချသည့် သင်ရိုးနည်းစနစ်များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာခွဲ၍ စာတွေ့လက်တွေ့ (၁)လ သင်တန်း ပို့ချပေးခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတနှင့် မြန်အောင်မြို့နယ်တို့တွင် (၃)နေရာခွဲ၍ တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်သည်။
ယခုသင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားများမှာ ဗဟိုသင်တန်းကျောင်းတွင် မွမ်းမံသင်တန်းကို(၂)လသာ ပြန်လည်တက်ရောက် ကြရမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ထွန်းဇော်ထွန်း(ပြန်/ဆက်)


