မမေ့အပ်သောကျေးဇူးတရားများ

mdn

နေပြည်တော် ၁၅ ဒီဇင်ဘာ

 

လောကလူသားအားလုံးတို့ ရှင်သန်ဖွံ့ဖြိုးရပ်တည်နေနိုင်ခြင်းသည် ကျေးဇူး တရားအမျိုးမျိုးတို့၏ အထောက်အပံ့ပြုမှုတို့ကြောင့် ဖြစ်တည်နေခြင်းဖြစ်၍ ထိုကျေးဇူးတရားတို့ကို ဘယ်သောအခါမှ မမေ့သင့်ပါပေ။ ဤလောက၌ သာမက သံသရာအဆက်ဆက်တွင် ကျေးဇူးရှိအပ်သည်တို့မှာ မရေမတွက် နိုင်အောင်များပြားလှသည်။ ကျေးဇူးဟူသည် ဆပ်မကုန်သည်ဖြစ်၍ ကျေးဇူး ရှိထိုက်သူအားလုံးတို့ကို အစဉ်ထာဝရဦးခိုက်ရပါသည်။

 

လောကလူသားတို့အတွက် ကျေးဇူးအကြီးမားဆုံးအရာ ငါးမျိုးရှိပြီး မမေ့အပ်သောကျေးဇူးတရားများမှာ အမြောက်အမြားရှိသည်။ လိုရင်းကို ထုတ်နုတ်မည်ဆိုလျှင် ဆပ်၍မကုန်သော ကျေးဇူးတရားများမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တငါးပါးဖြစ်သည်။ ထိုအနန္တငါးပါးကို အကြောင်းပြု၍ ပေါ်ပေါက်လာသည့် အခြားသော ကျေးဇူးတရားအမြောက်အမြားတို့ကို လည်း ဘယ်သောအခါမှ မမေ့သင့်၊ မမေ့ထိုက်ပေ။ ကျေးဇူးဟူသည်တို့ကို မမေ့သင့်ဟူ၍သာ ပေါင်းရုံးဆင်ခြင်ခြင်းဖြင့် သင့်တင့်စွာနှလုံးသွင်းနိုင်ကြ ပြီး ကျေးဇူးတရားများကို မည်သူမျှ ကျေအောင်မဆပ်နိုင်ကြပေ။ ကျေးဇူး တို့ကို မဆပ်နိုင်လျှင်နေ၊ ကျေးမစွပ်မိရန်၊ ကျေးဇူးမကန်းမိရန် မိဘ၊ ဆရာ သမား သက်ကြီးဝါကြီးများက အတန်တန်အသိပေးကြရလေသည်။

 

သို့သော် မျက်မှောက်ကာလတွင် ကျေးဇူးသိတတ်သူများရှိသလို ကျေးဇူးမသိသောသူများ၊ ကျေးစွပ်သူများ၊ ကျေးဇူးကန်းသူများ များလှ ပေသည်။ ကျေးဇူးဟူသည် ဆပ်၍မကုန်သော အနန္တငါးပါးသာမက မိမိ မွေးဖွားရာဒေသ၊ မိမိရှင်သန်ကြီးပြင်းစည်ပင်ရာဌာနတို့သည်လည်း ကျေးဇူး ရှိအပ်သော အရာဌာနများဖြစ်သည်။ မိမိမွေးဖွားရှင်သန်မှု၊ ကြီးပြင်းစည်ပင် ဖွံ့ဖြိုးမှုအတွက် တစ်စိတ်တစ်ဒေသ၊ အနည်းငယ်မျှရှိလျှင်ပင် ကျေးဇူးရှိ သည်ဟု မှတ်ယူထိုက်သည်။ မိမိတို့ရှင်သန်ဖွံ့ ထွား ကြီးပွားတိုးတက်လျှင်မူ ဆိုဖွယ်ရာပင်ရှိမည်မဟုတ်ပေ။

 

ဆပ်၍မကုန်သော အနန္တငါးပါးတွင် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးတို့၏ ကျေးဇူးသည်ကား အကြီးမားဆုံးဖြစ်သည်။ အတုမဲ့ အနှိုင်းမဲ့ ဖြစ်သည်။ သံသရာတစ်လျှောက်လုံးဘေးရန်ကင်းကွာ၍ ကြီးပွားချမ်းသာစေ နိုင်သည်။ ရတနာသုံးပါးပြီးလျှင် ကျေးဇူးကြီးမားသူတို့မှာ မိဘနှင့်ဆရာသမား တို့ဖြစ်သည်။ အနည်းဆုံး တစ်ဘဝတာအတွင်း ဘေးကင်းချမ်းသာအောင် စောင်မလမ်းညွှန်ပေးနိုင်သည်။ ။

 

ကမ္ဘာ့လူသားတိုင်းအတွက် ရတနာသုံးပါးကိုထား၍ မိဘနှင့်ဆရာ သမားတို့၏ ကျေးဇူးကိုမူ လူသားတိုင်း လူသားတိုင်း သိသင့်သည်။ အလားတူ ပင် မိဘ၊ ဆရာသမားတို့ကဲ့သို့ မိမိတို့ဘဝ ရှင်သန်ဖွံ့ဖြိုးကြီးပွားမှုကို အကြောင်း ပြုသည့် အမိနှင့်တူသော မွေးကျေးဇူးရှင် အမိမြေ၊ အမိတိုင်းပြည်နှင့် အဘ (အဖ)၊ ဆရာသမားနှင့်တူသော မိမိတို့ရပ်တည်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာနိုင်ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင် သည့် အစိုးရတို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ မိဘ၊ ဆရာ သမားမဟုတ်သော်လည်း မိမိတို့အလိုကိစ္စများ အနည်းငယ်မျှ ဆောင်ရွက်ပေး သူကိုပင် ကျေးဇူး၊ ကျေးဇူးဟု ဆိုကြသည်မဟုတ်ပါလော။

 

ထို့ကြောင့် ဆပ်၍မကုန်သည့် ကျေးဇူးရှိသည့် အနန္တငါးပါးသာမက ကျေးဇူးရှိအပ်သည့်၊ ကျေးဇူးရှိနိုင်သည့် အရာမှန်သမျှတို့အပေါ်တွင် ကျေးဇူး တရားသဘောကို ရှုမြင်ထားရမည်ဖြစ်သည်။ ကျေးဇူးသိမှုသည် ပထမ၊ သိသည့်အတိုင်း ပေးဆပ်နိုင်မှုသည် ဒုတိယဖြစ်၍ ကျေးဇူးကို သိလျှင်ပင်တော်လှပြီ။ မိဘနှင့်ဆရာသမားတို့၏ ကျေးဇူးသိမှု၊ ဆပ်မှုသည် ဘာသာ တရား၏ ညွှန်ပြမှုအရ တုံ့ဆပ်ရသည်မဟုတ်၊ သတ္တလောက သဘာဝတရား တစ်ခုလည်းဖြစ်သည်။ အသိဉာဏ်ရှိသော လူကိုမဆိုထားဘိ၊ အသိဉာဏ်နည်း သော တိရစ္ဆာန်တို့သည်ပင် ဆရာ အထူးသဖြင့် ကျွေးမွေးစောင့်ရှောက်ကြ သော မိဘကျေးဇူးကို သိကြသည်။ ပြန်လည်ကူညီ တုံ့ဆပ်ကြသည်။

 

ဆိုလိုရင်းမှာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်တို့တွင် ယုံကြည်ကိုးကွယ်မှု မရှိသူတို့အပါအဝင် လောကလူသားအားလုံး အသိအမှတ်ပြုလက်ခံထားသည့် မိဘဆရာသမားတို့၌ အဘ(အဖ)၊ ဆရာသမားနှင့်အလားတူသော အစိုးရကို ကျေးဇူးမသိခြင်းထက် မွေးမိခင်နှင့်တူသော မိမိတို့မွေးဖွားရှင်သန်ရာ အမိ မြေ၊ အမိနိုင်ငံ၊ အမိတိုင်းပြည်ကို ကျေးဇူးမကန်းထိုက်ဘဲကျေးဇူးသိတတ်ရန် လိုအပ်ပါကြောင်း။ ။

 

ကြေးမုံ