မလတ်တောင်မြေပြိုမှုတွင် အသက်ရှင်ကျန်ရှိ အိမ်ထောင်စုဝင်များအား ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသော လုံးချင်းအိမ်ရာများ လွှဲပြောင်းပေးအပ်

ပေါင် ၂၈ ဧပြီ

 

၂၀၁၉ နှစ် ဩဂုတ် ၉ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မလတ်တောင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရပြီး ကျန်ရှိသူ အိမ်ထောင်စုများထံသို့ ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသော လုံးချင်းအိမ်ရာများကို ယနေ့နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နေအိမ်နှင့် သက်ဆိုင်သော စာချုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

“မလတ်တောင်မြေပြိုမှုကြောင့် အိုးအိမ်တွေပျက်စီးဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ အိမ်ထောင်စု ၂၁ စုအတွက် အားလုံးစုစုပေါင်းကုန်ကျစရိတ်က ကျပ်သိန်း ၇၀၀၀ ကျော် အသုံးပြုထားတယ်၊ နေအိမ် ၂၁ လုံးအတွက်ပေါ့၊ စာရင်းကောက်ခိုင်းရာမှာ ပထမစာရင်းတက်လာတာက ၂၃ လုံးပေါ့၊ High Way King က သူမယူ၊ နောက်တစ်ခါ ဘေးအိမ်တစ်အိမ်က မယူဘူး၊ သူတို့မယူကြတဲ့ အကြောင်းအရင်းရှိတယ်၊ တချို့က နည်းနည်းထိသွားတဲ့ အိမ်တွေရှိတယ်၊ သူတို့ကို ပေးရွေးချယ်ခိုင်းတယ်၊ အစိုးရပေးတဲ့အိမ်ကို ယူမလား၊ ဒါမဟုတ်ရင် နည်းနည်းထိသွားတဲ့နေရာ ကိုယ့်မူလနေရာမှာပဲ နေမလားပေါ့၊ အဲဒါကြောင့် တစ်ချို့က မယူကြဘူးပေါ့၊ မယူတာက ၂ ဦးဆိုတော့ ၂၃ လုံးကနေ ၂၁ လုံးပဲ ဖြစ်သွားတာပေါ့၊ ကျန်အိမ် ၂ လုံးက ကပ်ပိနက်အစည်းအဝေးမှာ ပြန်တင်ပြရမှာပေါ့၊ ဘာလုပ်မလဲပေါ့၊ ကျေးလက်ဆေးပေးခန်းလုပ်မလား၊ စာကြည့်တိုက်လုပ်မလားပေါ့၊ အဲဒါပြီးမှ သေချာသိမှာပေါ့နော်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုသည်။

 

မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မလတ်တောင် မြေပြိုကျမှုဖြစ်ပွားခဲ့သော မြေနေရာတွင် နောက်ထက်မြေပြိုကျနိုင်မည့် အန္တရာယ်ရှိနိုင်သည့်အတွက် မူလမြေနေရာအစား သဲဖြူကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းအောက်ဘက်ခြမ်း ရွာစားကျက်မြေနေရာအပေါ်တွင် မြေအကျယ် (၆၀×၈၀)ပေ အကွက်ပေါ်တွင် ကျပ်သိန်း ၁၂၀ တန်ဖိုးရှိ လုံးချင်နေအိမ်များကို ကျန်ရှိသူ အိမ်ထောင်စု ၂၁ စုအတွက် ဆောက်လုပ်ပေးထားတဲ့အပြင် ကွန်ကရစ်လမ်းခင်းပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးထားခြင်း၊ ရေမြောင်းများဖောက်လုပ်ပေးခြင်း၊ သောက်သုံးရေများ အစရှိသည်တို့ကို ရရှိနိုင်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

“ယခုလို အစိုးရအဖွဲ့က အချိန်မီပေးအပ်လိုက်တဲ့အတွက် သူများနေအိမ်မှာ နေစရာမလိုတော့ဘူး၊ ကိုယ့်အိမ်မှာ ကိုယ့်သားသမီးနဲ့ အေးအေးချမ်းချမ်းနဲ့ နေလို့ရသွားတာပေါ့”လို့ မလတ်တောင်မြေပြိုမှုမှာ ကျန်ရှိသူ ဒေါ်အမာစီက ဆိုပါတယ်။

 

“ကျွန်မယောက်ျားပါသွားတယ်၊ ကျွန်မလည်းအခု သူများအိမ်မှာ လိုက်နေနေရပါတယ်၊ အခုဒီအိမ်ပေးလိုက်တော့လည်း ဘာပဲဖြစ်ဖြစ် နေလို့ရသွားတယ်ပေါ့၊ ကလေးလေးငါးယောက်နဲ့ နေလို့ရသွားတယ်ပေါ့၊ တချို့တော့ ပြောကြတယ်ပေါ့၊ နေရာကျဉ်းတယ်ပေါ့၊ ကျွန်မတို့ကတော့ ဘာပဲဖြစ်ဖြစ် နေလို့ရသလောက်ပဲပေါ့၊ နောက်ဆိုရင် ကိုယ်တတ်နိုင်ရင် ပြန်ချဲ့ပြီး နေကြတာပေါ့” ၎င်းက ပြောသည်။

 

ယင်းအပြင် မြေပြိုမှုကနေ တူးဖော်ရရှိထားတဲ့ ရွှေငွေလက်ဝတ်ရတနာငွေကို အစိုးရအဖွဲ့ရဲ့ ကပ်ပိနက်အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးမှသာ မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို တိတိကျကျ သိရှိမည်ဖြစ်ကြောင်း ဝန်ကြီး ဦးထွန်းမင်းအောင် ဆက်လက်ပြောသည်။

 

၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာရှိ မလတ်တောင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀ ကျော် သေဆုံးခဲ့သည့်အပြင် နေအိမ် ၂၇ လုံးပျက်စီးကာ မော်တော်ယာဉ်များ၊ ဘုန်းတော်ကြီးကျောင်း၊ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)