မလှိုင်မြို့နယ်တွင် ထန်းရည်အတူသောက်ရာမှ သစ်သားတုတ်ဖြင့်ရိုက်၍ လူနှစ်ဦးသေဆုံး

မလှိုင်  ၁၃  မေ 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ်အုပ်စု သုံးထောင်ကျေးရွာတွင် မေ ၁၃ ရက် နံနက် ၂ နာရီခွဲ ခန့်က ထန်းရည်အတူသောက်ရာမှ သစ်သာတုတ်ဖြင့်ရိုက်၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့ နှောကန်တိုက်နယ် သုံးထောင်ကျေးရွာ ကိုအောင်မိုး(၄၁)နှစ်၏ နေအိမ်၌ ၄င်းနှင့်တစ်ရွာတည်းနေ ထွန်းထွန်းဝင်း(ခ)ထွန်းဝင်း (၄၀)နှစ် နှင့်အတူ သုံးထောင်ကျေးရွာနေ အောင်ကျော်ဆန်း(၄၀)နှစ်နှင့် အောင်မိုးချမ်း(၃၀)နှစ်တို့ အတူတကွ ထန်းရည်သောက်နေစဉ် ထွန်းထွန်းဝင်း(ခ)ထွန်းဝင်းမှ အဆိုပါ နှစ်ဦး၏ ဦးခေါင်းအား သစ်သားတုတ်ဖြင့်ရိုက်၍ နှစ်ဦးစလုံး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အိမ်ရှင်ကိုအောင်မိုးမှ ဝင်ရောက်ထိန်းသိမ်းရာ ထွန်းထွန်းဝင်းက မကျေနပ်၍ ကိုအောင်မိုး၏ နေအိမ် အဖီ(၄ ပေ × ၆ ပေ)ထန်းရွက်တဲအား မီးရှို့သဖြင့် အဆိုပါထန်းရွက်တဲ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း နှောကန်နယ်မြေရဲစခန်းမှူးထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူနှစ်ဦးသေဆုံးသည်အထိ သစ်သားတုတ်ဖြင့်ရိုက်၍ ထန်းရွက်တဲ မီးရှို့ခဲ့သူ ထွန်းထွန်းဝင်း(ခ)ထွန်းဝင်းအား နှောကန်နယ်မြေရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဘိုဘို(မလှိုင်)