မလှိုင်မြို့နယ်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသော ကိုဗစ်အတည်ပြုလူ ၁၇ ဦး ဆေးရုံဆင်းခွင့်ရ

မလှိုင် ဇူလိုင် ၁၇

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ကျန်းမာရေးပြန်မွန်လည်ကောင်းမွန်ပြီး ရောဂါပျောက်ကင်းသွားသော မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာအုပ်စု ခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ် အတည်ပြုလူ ၁၇ ဦးမှာ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။

 

ဖြူးမြို့နယ် ကညွတ်ကွင်းနေသူ အမျိုးသားတစ်ဦးမှ ခေါင်းဆေးကန်ကျေးရွာသို့ ၂ ညအိပ်ရောက်ရှိခဲ့ပြီး ကညွတ်ကွင်းသို့ ပြန်ရောက်ချိန် ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။ ခေါင်းဆေးကန်ကျေးရွာမှ အနံမရရှိသူ ၁၇ ဦးအား RTD Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာအဖြစ် တွေ့ရှိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သတ်၍ အဆိုပါ အမျိုးသားသည် ကျေးရွာသို့ ရောက်ရှိသည့် ရက်များတွင် ကျေးရွာအနှံ့ လှည့်ပတ်ခြင်း/ အနံ့ပျောက်၍ စစ်ဆေးရာမှာ ပိုးတွေ့ရှိသူ ၁၇ ဦးမှာလည်း ကျေးရွာအတွင်း ထိစပ်မှုများခြင်းတို့ကြောင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဆိုပါ ခေါင်းဆေးကန်ကျေးရွာအား ဇူလိုင် ၈ ရက် ညနေ ၄ နာရီမှ စတင်၍ အသွားအလာ ကန့်သတ်နယ်မြေအဖြစ် ထားရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့မှ သိရသည်။

 

mdn

 

အဆိုပါ ခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိခဲ့သူ ၁၇ ဦးအား ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြက်ဥ အလုံး ၁၇၀၊ ခေါက်ဆွဲခြောက်ဖာ ၃ ဖာ၊ အခု ၅၀ ပါ Mask ၃ ဘူးနှင့် Hand Gel ဘူးကြီး ၃ ဘူးတို့အား အချိုးကြ မျှဝေထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

မလှိုင်မြို့နယ်တွင် ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်းအထိ RDT test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၉၂ ဦးရှိပြီး ဆေးရုံတက်ရောက်သူ ၅၄ ဦး၊ ဆေးရုံဆင်း ၃၇ ဦး၊ သေဆုံးသူ ၁ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

 

ဘိုဘို(မလှိုင်)