မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ၂၇ ဇွန်

 

မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၀ နှင့် မလေးရှားနိုင်ငံ Selangor ပြည်နယ် Klang ဒေသရှိ Peck ChewPilling (M) SdnBhd ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရန် စေလွှတ်ထားပြီး လုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ အခက်အခဲကြုံတွေ့နေရသဖြင့် မြန်မာအလုပ်သမား ၁၉ ဦး စုစုပေါင်း ၁၆၉ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့ပဉ္စမမြောက်ခရီးစဉ်အပါအဝင် ကယ်ဆယ်ရေးလေယာဉ်များဖြင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၆၃၉ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်