“မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်”

တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ "နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at home)" တွင် အကြုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသည် လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ “COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)” ကို ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်တွင် -

• ပါးစပ်နှင့် နှာခေါင်းစည်း (Mask)၊ မျက်နှာအကာ (Face shield) မဖြစ်မနေ တပ်ဆင်ရေးအတွက် အသိပေးစည်းရုံးလှုံ့ဆော်ခြင်း၊ ပေးဝေခြင်းနှင့် တပ်ဆင်စေခြင်း၊

• လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးပြောကြားခြင်း နှင့်

• ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန