မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု သန်လျင်မြို့မဈေးကြီးတွင် ပြုလုပ်

ရန်ကုန် ၂၃ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့မဈေးကြီးတွင် ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က “ဒီနေ့ဆောင်ရွက်တာက မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဈေးထဲမှာ Mask တပ်မလာရင် Mask တပ်ပေးတယ်။ နောင်လည်း ဈေးဝယ်လာရင် Mask တပ်လာဖို့ အသိပေးတယ်။ ဈေးဝယ်တဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေစီခြားပြီး ဈေးဝယ်ဖို့ အသိပေးပါတယ်။ နှာချေ၊ ချောင်းဆိုးရင် ဈေးမရောင်းဖို့နဲ့ ဈေးဝယ်သူဆိုလည်း လာမဝယ်ဖို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထု လိုက်နာရမယ့် အချက်တွေ အသိပေးကြေညာပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထု လိုက်နာဖို့ ကာကွယ်ရေးနည်းလမ်းတွေကို ပုံနှိပ်ပြီး ပန်းဖလက်တွေဝေငှပါတယ် ” ဟု ပြောသည်။

အဆိုပါ လူထုလှုပ်ရှားမှုတွင် Mask နှင့် Face shield တပ်ဆင်မလာသည့် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား Mask နှင့် Face shield တပ်ဆင်ပေးခြင်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လိုက်နာရမည့် အချက်များကို အသိပေးခြင်းများ ဆောင်ရွက်ကြသည်။

သန်လျင်မြို့မဈေး ထိပ်တန်းဆန်ဆိုင်မှ ဒေါ်ဝင်းဝင်းနွယ်က “တစ်နေ့ကုန် ဈေးထိုင်ရောင်းရတာဆိုတော့ အိမ်ကနေ ဈေးကိုလာရင် နှာခေါင်းစည်းနဲ့ မျက်နှာအကာ တပ်လာတယ်။ ဒီဈေးမှာကတော့ ဈေးလာဝယ်တဲ့သူ တော်တော်များများက Mask တပ်လာကြပါတယ်။ ဈေးလာဝယ်တဲ့သူတစ်ချို့က Mask ကို မေးစေ့မှာ ချိတ်လာရင် ကျန်းမာရေးအရ Mask တပ်ပေးပါဆိုပြီး ပြောရတယ်။ အဲ့ဒီလို မေတ္တာရပ်ခံပြောပြီး ဈေးရောင်းပေးပါတယ်” ဟု ပြောသည်။

“ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိအောင် ကာကွယ်ဖို့က အဓိကဖြစ်ပါတယ်။ အိမ်ကနေ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေ တပ်လာဖို့ ပြည်သူလူထုကို အသိပေးနေတာတွေရှိမယ်။ ဈေးတွေမှာ နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေ မဖြစ်မနေတပ်လာဖို့ တပ်မလာရင် ဈေးထဲမဝင်ဖို့ ဈေးအဝင်မှာကတည်းက စည်းကမ်းသတ်မှတ်ပါတယ်။ Mask တပ်ဖို့ ကမ်ပိန်းလုပ်တယ်။ Mask တွေ အခမဲ့ဝေတာတွေ တောက်လျောက်လုပ်နေပါတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် Mask အခုရေ တစ်သန်းနှင့် Face shield အခုရေ တစ်သိန်း ထောက်ပံ့ပေးထားကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက သိရသည်။

သတင်း-မင်းသစ်(MNA) / ဓာတ်ပုံ-ရဲထွဋ်