မက္ကဆီကိုတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုမြင့်တက်နေပြီး စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ရန် အချိန်ကြာဦးမည်

မက္ကဆီကိုစီးတီး ၂၁ ဇွန်

 

မက္ကဆီကို နိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုနှင့် သေဆုံးမှုများမှာ ဆက်လက်မြင့်တက်နေသဖြင့် နောက် ထပ်အဆင့်တစ်ဆင့်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် ခွင့်ပေးရန် အစီအစဉ်မှ ရွှေ့ဆိုင်းရဖွယ်ရှိသည်။

 

ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များအရ ကိုဗစ် -၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ဇွန် ၁၉ ရက်တွင် ၅၀၃၀ ရှိပြီး သေဆုံးသူ ၆၄၇ ဦးရှိခဲ့ရာ ဇွန် ၁၈ ရက်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာ လျော့ကျသည်ဟု သိရသည်။

 

ယခုသီတင်းပတ်အတွင်း နေ့စဉ် သေဆုံးမှုစာရင်းမှာ ၇၀၀ ခန့်တွင်သာ ရှိနေပြီး နေ့စဉ်ကူးစက်မှုနှုန်း မှာလည်း ၅၀၀၀ ခန့်တွင် ရှိနေသည်။

 

တိုင်းပြည်အတွင်း ဟိုတယ် လုပ်ငန်း၊ စားသောက်ဆိုင်နှင့် ဈေးဝယ် စင်တာများကို အာဏာပိုင်များက ပြန်လည်ဖွင့်လှစ်ခွင့်ပေးရေး မျှော်လင့်ထားကြသည်။ မြို့တော်အတွင်း ဟိုတယ်လုပ်ငန်းနှင့် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ ပြန်လည် ဖွင့်လှစ်နိုင်ရေးမှာ ဆေးရုံများရှိ လူနာများ လျော့ကျရမည်ဖြစ်ပြီး နေ့စဉ် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာ လည်း လျော့ကျရမည်ဟု မက္ကဆီကို စီးတီးမှ အာဏာပိုင်များက ပြောသည်။ ယခုအခါ မြို့တော်ရှိ ဆေးရုံများတွင် ၇၀ ရာခိုင်နှုန်းမှာ လူနာများနှင့်ပြည့်နေသည်။

 

ပီတီအိုင်နယူး