မက္ကဆီကိုနိုင်ငံတွင် ကျင်းပမည့် FIRST GLOBAL ROBOTICS CHALLENGE 2018 သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည်

မန္တလေး  ၁၀  သြဂုတ် 

 

မက္ကဆီကိုနိုင်ငံတွင်ကျင်းပမည့်  FIRST Global Robotics Challenge 2018 သို့  မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းသည် ၎င်းတို့တီထွင်ထားသည့် စက်ရုပ်ဖြင့်သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖန်တီးရာအဖွဲ့ထံမှ သိရသည်။ 

 

 

ဖန်တီးရာသည် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို နည်းပညာ အသုံးပြု၍ တိုးတက်ကောင်းမွန်ရန်  ကူညီနေသည့် အဖွဲ့အစည်း ဖြစ်သည်။ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးသို့ သွားရောက်ယှဉ်ပြိုင်မည့် ထူးချွန်ထက်မြက်သော ကျောင်းသူကျောင်းသားများကို ဖန်တီးရာရွေးချယ်ခဲ့ကြောင်း သိရသည်။

 

ဖန်တီးရာမှ ဦးစီးစေလွှတ်မည့် မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတွင် ပါဝင်ရန်  လျှောက်လွှာများ ခေါ်ယူခဲ့ရာ စက်မှုဒီဇိုင်း၊ အီလက်ထရွန်းနစ်နှင့် programming တို့ကို စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများထံမှ လျှောက်လွှာပေါင်း ၁၄၇ ခု လက်ခံရရှိခဲ့ပြီး အဆင့်ဆင့် အကဲဖြတ် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့အထဲက သက်ဆိုင်ရာ ကဏ္ဍတွင် အသီးသီး တာဝန်ယူမည့် ကျောင်းသူကျောင်းသား ၅ ယောက်ကို ရွေးချယ်ခဲ့သည်။ 

 

“မနှစ်က သွားပြိုင်ခဲ့တဲ့ အသင်းက နိုင်ငံပေါင်း ၁၅၇ နိုင်ငံထဲမှာ အဆင့် ၆ ရရှိခဲ့တဲ့အတွက် ဒီနှစ်မှာ သွားရောက် ယှဉ်ပြိုင်မယ့် အသင်းက အဲ့လောက် အဆင့်ကောင်းကောင်း မရမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် သူတို့တွေက စိတ်ပျက်အားငယ်မနေကြဘဲ ၂၀၁၇ ခုနှစ်အသင်းနဲ့ ပူးပေါင်းပြီး သူတို့ဆီက အကြံဉာဏ်တွေ အတွေ့အကြုံတွေနဲ့ ပိုမိုကောင်းမွန်တဲ့ စက်ရုပ်တစ်ခုဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြပါတယ်" ဟု ဖန်တီးရာ ၏ Makerspace Manager ဖြစ်သော ကိုထူးဝေထက်က ပြောသည်။

 

ရွေးချယ်ခံရသည့် ကျောင်းသားများမှာ ရန်ကုန်နည်းပညာတက္ကသိုလ်မှ မောင်သုတဇော်၊ မသီရိဝါဝါသိန်း(သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်)၊  မောင်တင်မြင့်ကျော်၊  မောင်ဖြိုးပြည့်မိုးအောင် (ရန်ကုန် နည်းပညာ တက္ကသိုလ်) ၊ မပန်းအင်ကြင်း (သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်) တို့ဖြစ်ကြောင်း သိရသည်။ 

 

FIRST Global Robotics Challenge ကို နှစ်စဉ်ကျင်းလေ့ရှိပြီး ယခုနှစ်အတွက် သြဂုတ် ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ကျင်းပမည်ဖြစ်ကာ နိုင်ငံပေါင်း ၁၇၅ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယခု ပြိုင်ပွဲသည် နိုင်ငံတကာ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး FIRST Global အမည်ရှိ အဖွဲ့အစည်းမှ နှစ်စဉ်ကျင်းပ ပေးနေခြင်း ဖြစ်သည်။  STEM ကျွမ်းကျင်မှုဖြစ်သော Sciences (သိပ္ပံ) ၊ Technology (နည်းပညာ)၊ Engineering (အင်ဂျင်နီယာ) နှင့် Mathematics (သင်္ချာ အတတ်ပညာ) တို့ကို တစ်ကမ္ဘာလုံးရှိ လူငယ်များအား မြေတောင်မြှောက် ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်နေခြင်း ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ လူမျိုးဘာသာ ဓလေ့ထုံးစံ မတူညီကြသော ကျောင်းသူကျောင်းသားများ အချင်းချင်း တွေ့ဆုံနိုင်ရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ပြိုင်ပွဲတွင် ကျောင်းသူကျောင်းသားများသည် သတ်မှတ်ထားသော အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရန် စက်ရုပ်ကို တည်ဆောက်ရမည်ဖြစ်ပြီး ၎င်းအပေါ်တွင် အမှတ်များ ရရှိမည်ဖြစ်သည်။   

 

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများသည် စက်ပစ္စည်းများ ဆင်တူပါဝင်သည့် Robot Kit ကို ရရှိကြမည်ဖြစ်ပြီး အဆိုပါ စက်ပစ္စည်းများဖြင့် သတ်မှတ်ချက်များကို လုပ်ဆောင်နိုင်သည့် စက်ရုပ်တစ်ခုကို တည်ဆောက်ရမည်ဖြစ်သည်။ တည်ဆောက်ရမည့် စက်ရုပ်ပုံစံကို ကြိုတင်သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများသည် ယခုနှစ်အတွက် သတ်မှတ်ထားသော “Energy Impact”  ခေါင်းစဉ်အတွက် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်ပြီး ခေါင်းစဉ် (Energy Impact)၏ ရည်ရွယ်ချက်မှာ မိမိတို့နေ့စဉ်သုံးစွဲနေသော စွမ်းအင်အမျိုးမျိုးတို့ကို အသုံးပြုခြင်း ရေရှည်တည်တံ့အောင် ပြုလုပ်ခြင်းတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။ 

 

၂၀၁၇ ခုနှစ်တွင်လည်း ထူးချွန်ထက်မြက်သော မြန်မာလူငယ်များကို  ဖန်တီးရာမှ ရွေးချယ်စေလွှတ်ခဲ့ရာ ပါဝင်ယှဉ်ပြိုင်သည့် ၁၅၇ သင်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းမှအဆင့် ၆ ရရှိခဲ့သည်။   

 

၂၀၁၈ ခုနှစ် မြန်မာကိုယ်စားပြုအသင်း၏ အသင်းသားတစ်ယောက်ဖြစ်သည့် မောင်တင်မြင့်ကျော်က“ အခု ၂၀၁၈ ခုနှစ် အသင်းသားတစ်ယောက် အနေနဲ့ ပြောချင်တာကတော့ မနှစ်က အသင်းရဲ့ အောင်မြင်မှုတွေကို ကျော်လွှားနိုင်အောင် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်”  ဟု ပြောသည်။

 

အိမို့မို့ခိုင်