မက္ကဆီကိုမှာ AstraZeneca/Oxford ထုတ် ကာကွယ်ဆေးအား  အသုံးပြုရန် ခွင့်ပြု

၅ ဇန်နဝါရီ

 

 

မက္ကဆီကိုနိုင်ငံမှာ AstraZeneca/Oxford ပူးတွဲ ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား အရေးပေါ် သုံးစွဲခွင့်ပြုကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

ကျန်းမာရေးဝန်ကြီး ဟူဂိုလိုပတ်ဇ် ဂိတ်တဲလ်က အက်စ်ထရာ ဇနက်ကာ နဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးကို ဆေးဝါးစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကနေ ဗြိတိန်၊ အိန္ဒိယနဲ့ အာဂျင်တီးနား နိုင်ငံတွေနည်းတူ အသုံးပြုခွင့် ပြုလိုက်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

 

 

မက္ကဆီကို နိုင်ငံမှာ အခုဆိုရင် ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး အရေးပေါ်သုံးစွဲနိုင်တဲ့ ဆေးနှစ်မျိုး ရှိသွားပြီဖြစ်ပါတယ်။

 

 

ကျန်းမာရေး ဝန်ထမ်းတွေအား Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၄ ရက်က စပြီးထိုးနှံပေးနေခဲ့ပါတယ်။

 

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁.၄ သန်းရှိပြီး သေဆုံးသူ ၁၂၇,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

 

 

မက္ကဆီကို နိုင်ငံက အက်စ်ထရာ ဇနက်ကာ နဲ့ အောက်စဖို့တက္ကသိုလ် ထုတ်ကာကွယ်ဆေး ၇၇.၄ သန်း ဝယ်ယူဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ် CanSino Biologics ကာကွယ်ဆေးကိုလည်း ဝယ်ဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။

 

 

လက်တင်အမေရိက နိုင်ငံတွေကို AstraZeneca/Oxford ထုတ်ကာကွယ်ဆေး ဖြန့်ချိရန်အတွက် မက္ကဆီကို နဲ့ အာဂျင်တီးနား နိုင်ငံတွေမှာ ထုတ်လုပ်ပေးဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။

 

 

မက္ကဆီကို နိုင်ငံသား ၁၂၉ သန်းနီးပါးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား အခမဲ့ ထိုးနှံပေးသွားမယ်လို့ အစိုးရက ကတိပေးထားပြီး ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

mdn