မက်ဂွိုင်းယား၏ ခေါင်းဆောင်အရည်အချင်းနှင့် ပတ်သက်ပြီး ဖာဒီနန် ဝေဖန်

၃ နိုဝင်ဘာ

မန်ယူအသင်းအနေဖြင့် ကွင်းတွင်း ပြိုင်ဘက်အသင်း၏ ဦးဆောင်ခြင်း ခံနေရချိန် တုံ့ပြန်မှုကောင်းကောင်း မပြုနိုင်ခြင်းက မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယား၏  ခေါင်းဆောင်အရည်အသွေးကြောင့်ဟု   ဖာဒီနန်က ယုံကြည်သည်။

 

မန်ယူအသင်းမှာ ရလဒ်ကောင်းတစ်လှည့်၊ မကောင်းတစ်လှည့်အနေအထားဖြင့် အသင်းကြီးတစ်သင်း၏ စွမ်းဆောင်ရည်မျိုး ပျောက်ကွယ်နေခြင်းက ကွင်းတွင်း အသင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု၊ နိုင်လိုစိတ်ပြင်းထန်မှုတို့ကို ထွက်လာနိုင်အောင် လှုံ့ဆော်ပေးနိုင်သည့် ခေါင်းဆောင်ကောင်း အရည်အသွေးမျိုး   လက်ရှိမန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားတွင် လျော့ပါးနေခြင်းကြောင့်ဟု  ဖာဒီနန်က ရှုမြင်သည်။

 

ဖာဒီနန်က “ ကျွန်တော်တို့အသင်း (မန်ယူ)အနေနဲ့ တချို့ပွဲတွေမှာ ယုံကြည်မှုတွေ လျော့နည်းနေပြီး ရက်သတ္တပတ်အလယ် (ချန်ပီယံလိဂ်) ပွဲတွေမှာကျတော့ ယုံကြည်မှု ရှိရှိကစားနိုင်ခဲ့တယ်၊ ဒီအတွက် ပရီးမီးယားလိဂ် ပြန်ကစားတော့ ယုံကြည်မှု လွန်ကဲသွားသလားမသိဘူး။ ခေါင်းဆောင်ဆိုတာ အဝတ်လဲခန်းမှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကောင်းရဖို့ လှုံ့ဆော်ပေးနိုင်တာမျိုးပါ။ ပွဲကို အချိန်ပြည့် အာရုံစိုက်ဖို့၊  ပြိုင်ဘက်အသင်းကို တုံ့ပြန်မှုကောင်းကောင်းပေးဖို့၊ ဖိအားပေးနိုင်ဖို့ စတာတွေပေါ့။ ဒါပေမယ့် စကားတွေအများကြီး ပြောမှ အသင်းခေါင်းဆောင် မဟုတ်ပါဘူး ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

 

ဖာဒီနန်က မက်ဂွိုင်းယားမှာ ရွိုင်းကိန်း၊  ကန်တိုနာ၊ ရွိုင်ယန်ဂစ်တို့လို ခေါင်းဆောင်မှု စွမ်းရည် ပြည့်ဝနေသူ မဟုတ်ဟု ယုံကြည်နေပြီး ကစားသမားကိုယ်တိုင်က ခြေစွမ်းအတက်အကျမြန်လွန်းသူဟု ယူဆသည်။

မေလဲ့သင်း